Home
မြန်မာသတင်း
အစိုးရသစ်လက်ထက် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ပေးမည်
DVB
·
April 10, 2016
အစိုးရသစ်လက်ထပ်မှာ ပြည်တွင်းက တောင်သူတွေအတွက် တစ်ဧက စိုက်ပျိုးစရိတ်ချေးငွေအပါအ၀င် ချေးငွေပြန်ဆပ်ရမယ့် ကာလကိုလည်း တိုးမြှင့် သတ်မှတ်ပေးဖို့  သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးက သဘောတူလိုက်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြောပါတယ်။ အစိုးရပိုင် လယ်ဆည်ဘဏ်က စပါးစိုက်တောင်သူတွေအတွက် စိုက်ပျိုးစရိတ် ချေးငွေကို ၁ ဧက ကျပ် ၁ သိန်းနှုန်းနဲ့ ၁၀ ဧကအထိ သတ်မှတ်ပြီး ကာလတို ထုတ်ချေးပေးနေတာပါ။ ဒါပေမယ့် ၁ ဧကကုန်ကျစရိတ်က ကျပ်သုံးသိန်းအောက်ရှိတဲ့အပြင် စပါးပေါ်တဲ့အချိန် အကြွေးပြန်ဆပ်နိုင်ဖို့အတွက် ရတဲ့ဈေးနဲ့ထုတ်ရောင်းနေရလို့ တောင်သူတွေအတွက် အခက်အခဲတွေ ရှိနေပါတယ်။ ဒါကြောင့် စိုက်ပျိုးစားရိတ်ချေးငွေ အပါအ၀င် ချေးငွေပြန်ဆပ်ရမယ့် ကာလကိုလည်း တိုးမြှင့်ပေးဖို့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တာဝန်ရှိသူတွေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံစဉ် သဘောတူခဲ့တာလို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောပါတယ်။ “ချေးငွေပြန်ဆပ်တဲ့အခါမှာ တောင်သူတွေက ရတဲ့ဈေးနဲ့ ချရောင်းရတဲ့ အတွက် ဈေးနှုန်းလေးတွေက အခက်အခဲရှိတာပေါ့။ အဲ့အခါကျတော့ ဈေးကွက်ပေါက် ဈေးနဲ့ နည်းနည်းထိန်းပြီး ရောင်းလိုက်သလိုဖြစ်ပြီး၊ေ​ချးငွေပြန်ဆပ်တဲ့ ကာလကို ကျနော်တို့က တလလောက် နောက်ဆုတ်ပေးနိုင်ရင် တောင်သူတွေအတွက် အဆင်ပြေမယ်ပေါ့နော်။ ဒီဟာလေးတွေ ကျနော်တို့ ပြောပြထားတာတွေ ရှိပါတယ်။ တလဆိုတာလည်း အချိန်ဘယ်လောက်မှ မရှိဘူးပေါ့နော်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်ပေးနိုင်မယ်ဆိုလည်း အမြန်ဆုံးဆောင်ရွက်ပေးနိုင်ဖို့၊ ၀န်ကြီးကနေပြီးတော့ ဒီမူဝါဒတွေ၊ ဥပဒေတွေနဲ့ ညှိနှိုင်းပြီးတဲ့အခါမှာ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ဖို့ ပြောကြားခဲ့ပါတယ်။” ဒီ့အပြင် အစိုးရသစ်လက်ထပ်မှာ ပြည်တွင်းလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်လို့ ကာလတို၊ ကာလရှည် စီမံကိန်းတွေထားပြီး လုပ်ဆောင်သွားဖို့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးက ကတိပြု ပြောဆိုခဲ့တယ်လို့ ဦးနေလင်းဇင်က ပြောပါတယ်။ “၀န်ကြီးဌာနက ပြောပါတယ်။ အချိန်တိုအတွင်းမှာ လုပ်ပြီးဆောင်ရွက်ရမယ့် အလုပ်တွေ၊ ကာလရှည်မှာ အချိန်ယူပြီး ဆောင်ရွက်ရမယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အမြန်ဆုံးဆောင်ရွက်သွားမယ်လို့ ပြောကြားပါတယ်။” နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေအင်ကြင်းရပ်ကွက်က လယ်သမားဦးညွန့်ရွှေက လက်ရှိမှာ လယ်တဧကကုန်ကျစရိတ် ၃သိန်းခွဲလောက်ရှိတယ်လို့ ပြောပါတယ်။ “မျိုးဖိုးရယ် သူရင်းငှား ငှားခရယ်၊ ထွန်ယက်ခတွေ ဘာတွေ အကုန်လုံးပြန်တွက်ကြည့်လိုက်ရင် ၃ သိန်းခွဲလောက် အနည်းဆုံး ကုန်သွားတာပဲ၊ လယ်သမားတွေအတွက် လိုအပ်ချက်ကတော့ စပါးမျိုး လိုမယ်၊ ထွန်ယက်ခတွေ ဘာတွေလဲပေးမယ်ဆိုရင် တဧက ၃ သိန်းလောက်ပေးရင် တောင်သူ ချမ်းသာနိုင်တယ်။” လက်ရှိမှာတော့ ပြည်တွင်းလယ်ယာကဏ္ဍမှာ သီးနှံအာမခံစနစ်က အကောင် အထည်မပေါ်လာသေးလို့ စပါးစိုက်တောင်သူတွေမှာ သဘာဝဘေးဒဏ် အပါအ၀င် ကုန်ကျစရိတ်ကြီးမြင့်တဲ့ဒဏ်တွေကို ခံစားနေရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024