လာဘ်ပေးလာဘ်ယူ အရှုပ်တော်ပုံကြောင့် ဘရာဇီးအားကစား ဂုဏ်သိက္ခာကျဟု ပီလီပြော

Brazilian soccer star Pele gestures as he speaks to Reuters in Sao Paulo March 23, 2010. REUTERS/Paulo Whitaker
ဘရာဇီး ဂန္ဓ၀င် ဘောလုံးသမားကြီး ပီလီက သူ့ တိုင်းပြည်မှာ ပေါ်ပေါက်နေတဲ့  လာဘ်ပေးလာဘ်ယူမှု အရှုပ်တော်ပုံကိစ္စကြောင့် ဘရာဇီးရဲ့ အားကစား ဂုဏ်သိက္ခာကိုပါ  ညှိုနွမ်းစေတယ်လို့  ဝေဖန်လိုက်ပါတယ်။ ဘရာဇီးမှာ  ၂၀၁၆ အိုလံပစ် ကျင်းပဖို့ လပိုင်းအလိုမှာပဲ သမ္မတကို အယုံအကြည်မရှိ အဆိုတင် ဖြုတ်ချဖို့ ကြိုးပမ်းတဲ့အထိ ဖြစ်နေတာပါ။ ၂၀၁၄ ကမ္ဘာ့ဖလားအတွက် ကြိုတင်ပြင်ဆင်မှုတုန်းကလိုပဲ  အခု ၂၀၁၆ အိုလံပစ်အတွက် ပြင်ဆင်မှုတွေမှာ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန်ပြန် ပေါ်ပေါက်နေတာဟာ ဘရာဇီးရဲ့ ဘောလုံးပုံရိပ်ကိုပါ အချက်ပေးမှု ဖြစ်တယ်လို့ အသက် ၇၅ နှစ်အရွယ် ပီလီက ပြောပါတယ်။ ဘရာဇီးဟာ ၁၉၅၈ ခုနှစ်က စလို့ ကမ္ဘာမှာ ဘောလုံးအားကစားနဲ့ ဂုဏ်သိက္ခာ မြင့်မြင့်မားမား ရပ်တည်နိုင်ခဲ့ပေမယ့် အခုအချိန်မှာတော့ အစိုးရအဖွဲ့ကြောင့် ဘောလုံးလောက  ဂုဏ်သိက္ခာပါ ကျဆင်းနေရတာ မဖြစ်ထိုက်ဘူးလို့ ပီလီက ပြောပါတယ်။ အရင်လတုန်းက သမ္မတဟောင်း လူလာကို ပြည်ထောင်စုစုံစမ်းရေးအဖွဲ့က ဖမ်းဆီး စစ်ဆေးခဲ့သလို၊ လက်ရှိသမ္မတ ဒီမာ ရူဆက်ဖ်ကလည်း လာပေးလာဘ်ယူမှု စွပ်စွဲချက်အတွက် အယုံအကြည်မရှိ အဆိုနဲ့ ရင်ဆိုင်နေရပါတယ်။ လူလာရော၊ ရူးဆက်ဖ်ကပါ စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ကြပေမယ့် ပီလီကတော့ ဒီလို နိုင်ငံရေး နဘန်း ပွဲဟာ ဘရာဇီး နိုင်ငံအတွက် အချက်ပေး ခေါင်းလောင်းထိုးမှု ဖြစ်တယ်လို့ပြောပါတယ်။ ဘရာဇီးမှာ ဖြစ်နေတဲ့ ကိစ္စတွေကို ကြည့်ပြီး တကမ္ဘာလုံးက အံ့သြစရာ ဖြစ်ရသလို၊ ဘယ်နိုင်ငံရောက်ရောက် အရှက်ရစရာ ကိစ္စဖြစ်နေတယ်လို့  ပီလီက ပြောပါတယ်။ ၂၀၁၆ ဘရာဇီး အိုလံပစ် ပြိုင်ပွဲ စတင်ဖို့ ရက်ပေါင်း ၁၀၀ ကျော်ပဲ ကျန်ပါတော့တယ်။ လောလောဆယ် အစိုးရအပေါ် မကျေနပ်တာတွေ မြင့်တက်နေတာကြောင့် ဒါကို အကြောင်းပြုလို့ ၂၀၁၄ ကမ္ဘာဖလား ကာလတုန်းကလိုမျိုး အကြမ်းဖက် ဆန္ဒပြပွဲတွေ  ပေါ်ပေါက်လာမှာကို အာဏာပိုင်တွေက စိုးရိမ်နေပါတယ်။

More News
Up