ပီရူးတွင် ခရီးသည်တင်ကား မြစ်ထဲထိုးကျ၊ ၂၂ ဦး သေဆုံး

ပီရူးနိုင်ငံမှာ ဧပြီ ၈ ရက်နေ့က ခရီးသည်တင်ကားတစီး အရှိန်လွန်ပြီး မြစ်ထဲထိုးကျသွားလို့ လူ ၂၂ ဦး သေဆုံးသွားပါတယ်။ ပီရူးနဲ့ ဘရာဇီးတို့ကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမပေါ်မှာ ဒေသစံတော်ချိန် မနက် ၂ နာရီခွဲလောက်က မတော်တဆ ဖြစ်ခဲ့တာပါ။ ခရီးသည်တင်ကားဟာ ပူအာတို မယ်ဒိုနာဒိုမြို့ကနေ ကက်စ်ကိုမြို့အသွားမှာ ယာဉ်မောင်းက ကားကို မထိန်းနိုင်ဘဲ တောင်ကမ်းပါးကနေ အရှိန်လွန် ပြုတ်ကျခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ ယာဉ်ပေါ်ပါသူတွေ အများစုကလည်း ကက်စ်ကိုမြို့ကဖြစ်ပြီး ဧပြီ ၁၀ ရက်နေ့ ရွေးကောက်ပွဲမှာ မဲပေးဖို့ အိမ်ပြန်လာကြသူတွေလို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံ ပို့ထားပါတယ်။ ကက်စ်ကိုမြို့ဟာ အင်ကန် အင်ပါယာခေတ် ရှေးဟောင်းမြို့တော်အဖြစ် နာမည်ကြီးပါ။ လောလောဆယ်မှာ လူဦးရေ လေးသိန်းသုံးသောင်း နေထိုင်းပြီး နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား ၂ သန်းလောက် လည်ပတ်တဲ့ မြို့ ဖြစ်ပါတယ်။  

More News
Up