လွှတ်တော်ကိုယ်စားလှယ်များကို မြန်မာမီနီဆလွန်းကား ရောင်းချပေး
ရွှေအောင်
·
August 18, 2011
လွှတ်တော်ကိုယ်စားလှယ်တွေကို စက်မှု-၂ထုတ် မြန်မာမီနီဆလွန်းကားတွေ ရောင်းပေးနေတယ်လို့ သိရပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေ ဘတ်စ်ကား တိုးစီးနေရတာကို စာနာ ထောက်ထားပြီး စက်မှု ၂ က ရောင်းပေးတာ ဖြစ်တဲ့အကြောင်းနဲ့၊ ပြင်ပကို ပြန်ရောင်းမစားဖို့လည်း မေတ္တာရပ်ခံစာ တခါတည်းပေးတဲ့အကြောင်း ကား ၀ယ်ယူခွင့်ရခဲ့တဲ့ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။
ကားတစီးကို အစိုးရထုတ်ဈေး ကျပ် ၅၅ သိန်းနဲ့ ရောင်းချပေးတာဖြစ်ပြီး အပြင်မှာ တစီးကို ကျပ်သိန်း ၁၇၀ လောက် ပေါက်ဈေးရှိပါတယ်။
လွှတ်တော်ကိုယ်စားလှယ် သုံးပုံတပုံလောက်ကို ရောင်းချပေးမယ်လို့ ကြားသိရပြီး လမ်းပန်းဆက်သွယ်ရေးခက်တဲ့ ရှမ်း၊ ချင်း စတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေကိုတော့ ရောင်းပေးမှာမဟုတ်ဘဲ၊ နိုင်ငံရေးပါတီတွေက လျှောက်ထားလာရင် မီနီဆလွန်းကား ရောင်းပေးမယ့်အကြောင်း စက်မှု-၂ ၀န်ကြီးက ပြောတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့မတ်လ လွှတ်တော် ကျင်းပပြီးခါစကလည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ကိုးဦးနဲ့ အခြားပါတီကိုယ်စားလှယ်သုံးဦး စုစုပေါင်း ၁၂ ဦးကို စက်မှု ၂ ၀န်ကြီးက မီနီဆလွန်းတွေ ရောင်းပေးခဲ့ပါတယ်။