ရခိုင်အမျိုးသားပါတီကိုယ်စားပြုအမတ် ၀န်ကြီးနေရာ လက်ခံ
DVB
·
April 7, 2016
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှာ ပါဝင်ရင် ပါတီကအရေးယူမယ်လို့ ကြေညာထားတဲ့ ရခိုင်အမျိုးသား ပါတီက လွှတ်တော်ကိုယ်စားလှယ်တဦးဟာ အစိုးရအဖွဲ့မှာ ၀န်ကြီးရာထူးကို လက်ခံခဲ့ပါတယ်။
ရခိုင်အမျိုးသားပါတီကိုယ်စားပြု ရမ်းဗြဲမြို့နယ် အမှတ် ၁ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ဟာ စိုက်ပျိုးရေး မွေးမြူရေး သစ်တောနဲ့ သတ္တုတွင်းဝန်ကြီးအနေနဲ့ တာဝန်ထမ်း ဆောင်ဖို့ ဒီကနေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာပါ။
အန်အယ်လ်ဒီပါတီရဲ့ တောင်ကုတ်မဲဆန္ဒနယ်အမှတ် ၂ ကလွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်က ဦးကျော်လွင်ကို အေအန်ပီပါတီဗဟိုကော်မီတီဝင်တချို့ရဲ့ အဆိုပြုချက်အရ ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
“ကျနော်တို့ အေအန်ပီပါတီ စီအီးစီထဲက အဖွဲ့ဝင်တွေနဲ့ ကမ်းလှမ်းပြီးတော့ သူတို့ အဆိုပြုတဲ့လူဖြစ်တာ ပေါ့နော်။ ကျနော်တို့စီအီးစီးထဲက သီးခြားပေါ့ဗျာ။ ဦးအေးသာအောင်တို့ပါ အ၀င် စီအီးစီထဲက ကိုမျိုးကျော်တို့၊ ကိုမျိုးဆွေတို့ အဲဒါ သူတို့တွေကို လှမ်းပြီး ကမ်းလှမ်းတော့ သူတို့က ကိုယ်စားလှယ်ထဲက သူတို့သင့်တော်ဆိုပြီး သူတို့ညွန်ပေးတဲ့လူကို ကျနော်တို့က ထည့်လိုက်တာပေါ့။ သူကလည်း လက်ခံပါတယ်။ ”
၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းနဲ့ပြည်နယ် ၁၄ ခုအနက် ၁၂ ခုမှာ အနိုင်ရပေမယ့် ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်အများစု အနိုင်ရခဲ့ပါတယ်။ ရှမ်းပြည်နယ်မှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အများစုနိုင်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းနဲ့ပြည်နယ် ၁၄ ခုစလုံးရဲ့ ၀န်ကြီးချုပ်တွေကို အဖွဲ့ချုပ်အမတ်တွေကိုသာ ခန့်မှာဖြစ်ကြောင်းနဲ့ ကျန်ပါတီတွေ၊ ပညာရှင်တွေကိုလည်း တာဝန်ပေးတာတွေ ရှိမယ်လို့ထုတ်ပြန်ထားပါတယ်။
ရခိုင်အမျိုးသားပါတီက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဝန်ကြီးချုပ်ကို ရရှိလိုကြောင်းနဲ့ အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းလိုကြောင်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဆွေးနွေးလိုကြောင်း ။ မလိုက်လျောပါက အတိုက်အခံအဖြစ်ရပ်တည်မှာဖြစ်တယ်လို့ သဘောထား ထုတ်ပြန်ခဲ့ ပါ တယ်။
ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်တွေအနေနဲ့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးနေရာ လက်ခံသူရှိခဲ့ရင် ပါတီကနေ ထုတ်ပယ်ခံရမှာဖြစ်သလို ငွေဒဏ် ကျပ်သိန်း ၅၀၀ ပေးဆောင်ရမယ်လို့ ပါတီတွင်း စည်းကမ်းသတ်မှတ်ထားပါတယ်။
ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပါတီရဲ့ဆုံးဖြတ်ချက်တွေ၊ မူဝါဒတွေ ကို ဖောက်ဖျက်တဲ့ ကိုယ်စားလှယ်တွေကိုလည်း ပါတီစည်းကမ်းအတိုင်း အရေးယူမယ်လို့ ပြောပါ တယ်။
“ကျနော်တို့ ကြေညာချက်ထုတ်တာက အပျော်ထုတ်တာမှမဟုတ်ဘဲ။ လိုအပ်လို့ ထုတ်တာပဲလေ။ ထုတ်သင့်ထုတ်ထိုက်လို့ထုတ်တာ။ အဲဒီမူအတိုင်းသွားဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်။ ကျနော်တို့ ထုတ်ထားတဲ့ကြေညာချက်ကို ဖျက်ဖို့ကြိုးစားတဲ့ ပါတီကြီးတွေရှိတယ်။ အင်အားစုတွေ ရှိတယ်ဆိုတာ ကျနော်တို့ သိတာပေါ့။ ဒီအတိုင်းရပ်တည်ဖို့ ကျနော်တို့ ဆုံးဖြတ် ထားတယ်။ ပေးတာလေးတွေ ယူတဲ့ပုဂ္ဂိုလ်က သူနဲ့ပဲဆိုင်တယ်။ သူ့ကိုရွေး ကောက်တင်မြှောက်လိုက်တဲ့ သူ့ရဲ မဲဆန္ဒနယ်မြေက လူထုနဲ့ဆိုင်တယ်။ အဲတော့ လူထုသည် ပုဂ္ဂိုလ်တဦးကို ပေးခဲ့တာလား၊ ပါတီတခုကိုပေးခဲ့တာလား။ ဒါကိုဆုံးဖြတ် လူထုကပဲ ပေးပါလိမ့်မယ်။ ရခိုင်အမျိုးသားပါတီရဲ့ ရည်တည်ချက်က ကျနော်တို့ ကြေညာထားတဲ့အတိုင်းပဲ။”
ဒါ့အပြင် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးနေရာ လက်ခံရင် ကျပ်သိန်း ၅၀၀ ပေးဆောင်ရမယ်ဆို တဲ့အချက်ကလည်း အမတ်တွေသဘောတူပြီးမှာ လုပ်ထားတဲ့ အချက်ဖြစ်တယ်လို့လည်း ဒေါက်တာ အေးမောင်က ပြောပါတယ်။
ဝန်ကြီးရာထူးကို လက်ခံတဲ့ ရမ်းဗြဲမြိုနယ် မဲဆန္ဒနယ် အမှတ် ၁ က ဦးကျော်လွင်ကတော့ သူ့အနေနဲ့ ပါတီရဲ့မူဝါဒကို ချိုးဖောက်ခြင်းမရှိဘူးလို့ ဦးကျော်လွင်က ပြောပါတယ်။
“ကျနော်တို့ပါတီမှာ အစိတ်အပိုင်း ၃ ခုရှိတယ်။ အစိတ်အပိုင်းတခုကတော့ ကျနော့်ကို ကြေညာချက်နဲ့အညီ ကျနော့်ကိုလက်မခံစေလိုတဲ့ ဆန္ဒရှိပါတယ်။ သို့သောလည်း ကျနော် နားလည်တာက ကျနော်တို့ ၁/၂၀၁၆၊ ၂/၂၀၁၆ သည် ပါတီရဲ ကြေညာချက်ပဲဖြစ်တယ်။ ကျနော်တို့ ပါတီရဲ့ မူဝါဒမဟုတ်ဘူး။ ဒီတော့ ဒီနေ့ထက်ထိ ကျနော် ပါတီရဲ့မူဝါဒကို ဘာမှ မချိုးဖောက်သေးဘူး။ ကြေညာချက်အပေါ်မှာတော့ ကျနော်တို့ အုပ်စု ၃ စုက ကွဲကောင်း ကွဲတတ်တယ်။ ဒါပေမယ့်ကျနော်တို့အားလုံး ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဦးတည်ချက်ချင်းတူတယ်။ ဒီနေ့ ကျနော်အန်အယ်ဒီပါတီနဲ့လက်တွက်ဖို့ ကမ်းလှမ်းတာဘာလို့ လက်ခံလဲဆိုရင် အန်အယ်ဒီပါတီရဲ့ ဦးတည်ချက်မှာလည်း ကျနော်တို့နိုင်ငံရဲ့ဖွံ့ဖြိုးတိုး တက်ဖို့အတွက် ရည်ရွယ်တယ်။ ကျနော်တို့ ရခိုင်ပါတီရဲ့ မူဝါဒမှာလည်း ရခိုင်လူမျိုးနဲ့ ရခိုင်လူမျိုးမျိုးနွယ်စုတွေအတွက် တိုးတက်ဖွံ့ဖြိုးဖို့လုပ်မယ်ဆိုတဲ့ ဦးတည်ချက်ချင်းတူတဲ့ အတွက်ကြောင့် ဒီ တူတဲ့ဦးတည်ချက်မှာ ကျနော်တို့ဆင်းရဲတွင်းထဲက နစ်နေတဲ့လူထုတွေ၊ အောက်ကျနောက်ကျဖြစ်နေတဲ့ဘ၀မှာ ကျနော်အခုတာဝန်ယူထားတဲ့ အခြေခံ စိုက်ပျိုးမွေးမြူရေး ဒီဂဏ္ဍတွေက ကျနော်တို့လူမျိုးတွေကို မြင့်ချင်လို့ ဦးတည်ချက်တူတာလေးကို ပူးပေါင်းလုပ်မယ်ဆို လို့ ဒီတာဝန်ကို လက်ခံလိုက်ခြင်းဖြစ်ပါတယ်။”
ဒါ့အပြင် ရခိုင်အမျိုးသားပါတီမှာ အုပ်စု ၃ စုရှိပြီး အဲဒီထဲက ၂ စုဟာ ဒီတာဝန်ကိုလိုက်ခံဖို့ တိုက်တွန်းတဲ့ အတွက် ဒီတာဝန်ကို လက်ခံရခြင်းဖြစ်တယ်လို့လည်း ဦးကျော်လွင်က ပြောပါတယ်။
ဒါ့အပြင် ကျပ်သိန်း ၅၀၀ ဒဏ်ဆိုဆောင်ရမယ်လို့ အေအန်ပီပတီက ထုတ်ထဲ ကြေညချက်နဲ့ ပတ်သက်ပြီးတော့်လည်း သူက “ကျနော်သိတာက ပါတီကူးပြောင်းရင် သိန်း ၅၀၀ လျော်ရမယ်။ ကျနော်သည် ရခိုင်အမျိုးသား ပါတီက ပါတီဝင်တယောက်ဖြစ်တယ်။ ရမ်းဗြဲမြို့နယ် ANP ပါတီရဲ့ ဥက္ကဋ္ဌတယောက်ဖြစ်တဲ့ အတွက်ကျနော်ကိုယ့်ရဲ့ မိခင်ပါတီက လွှဲပြီးတော့ ဘယ်ပါတီမှ မကူးပြောင်းဘူး။ ဒါကြောင့် ကျနော့်မှာ ဒါနဲ့ပတ်သက်လို့ ဘာမှမပြောစရာမရှိဘူး”လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ၀န်ကြီးချုပ်က ဦးညီပုဖြစ်ပါတယ်။ ၀န်ကြီးဌာန ၇ ခုရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၃ ဦး၊ ရခိုင်အမျိုးသားပါတီမှ ၁ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၁ ဦး၊ ပြင်ပမှ ပညာရှင် ၂ ဦးတို့ပါဝင်ပြီး၊ ဥပဒေချုပ်နှင့် စာရင်းစစ်ချုပ်မှာလည်း ပြင်ပပညာရှင်တွေ ဖြစ်ပါတယ်။