Live
Home
မြန်မာသတင်း
သတင်းမီဒီယာအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများ ပြင်ဆင်ရန်လိုအပ်
DVB
·
April 7, 2016
ကျန်ခဲ့တဲ့ငါးနှစ်တာမှာ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး တိုးတက်မှုတွေ အနည်းငယ်ရှိခဲ့ပေမယ့် သတင်းမီဒီယာအတွက် ပြဋ္ဌာန်းထားခဲ့တဲ့ ဥပဒေတွေကို အစိုးရသစ်လက်ထက်မှာ ပြန်လည်ပြင်ဆင်သွားဖို့ လိုအပ်နေတယ်လို့ မီဒီယာအသိုင်းအ၀န်းက ပြောလိုက်ပါတယ်။ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်မှာ သတင်းလွတ်လပ်ခွင့်နဲ့ မီဒီယာတွေရဲ့ အခန်းကဏ္ဍ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ခဲ့ပြီး အထူးသဖြင့် ၂၀၁၂ ကနေ ၂၀၁၅ ခုနှစ်အတွင်း သတင်းမီဒီယာကဏ္ဍအတွက် ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ပေါ်ထွက်ခဲ့တာပါ။ အဲဒီကာလအတွင်း သတင်းမီဒီယာကဏ္ဍ တိုးတက်မှုနဲ့  ပတ်သက်ပြီး The Voice Daily အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက “သတင်းလွတ်လပ်ခွင့် တက်လာတယ်။ သတင်းသမားတွေ အရည်အသွေးကော အရည်အချင်းကော တက်လာတယ်။ သတင်းပညာရပ်ပိုင်းဆိုင်ရာ၊ သင်တန်းပေါင်းများစွာ ဒီကာလမှာ ပေးခဲ့တာရှိတယ်၊ ရခဲ့တာရှိတယ်။ နောက်တခါ သတင်းမီဒီယာဥပဒေ ပေါ်လာတယ်။ နောက်တခါ ဒီ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်လို အခမ်းအနားမျိုးကို ကျနော်တို့ ဒီမှာ တဂုဏ်တယူ ကျင်းပနိုင်တယ်။ နောက်တခါ ဖြစ်ခဲ့တဲ့ ပဋိပက္ခ ကိစ္စတွေမှာလည်း သတင်းမီဒီယာတွေ တာဝန်ကျေခဲ့တယ်။ ပြည်တွင်းမီဒီယာတွေ အခြေအနေကတော့ တော်တော်လေး တာဝန်ကျေခဲ့တယ်။ ခြုံပြောရရင် သတင်းမီဒီယာတွေ အင်မတန်ကို ဒီကာလအတွင်းမှာ တိုးတက်လာတယ်လို့ ပြောရမယ်” လို့ ဆိုပါတယ်။ နှစ်ပေါင်း ၄၈ နှစ်တာကာလမှာ အကြီးမားဆုံးမှတ်တိုင်လို့ ဆိုရမယ့် စာပေစိစစ်ရေးကို ၂၀၁၂ ခုနှစ်မှာ ဖျက်သိမ်းလိုက်တာကြောင့် ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေလာနိုင်ခဲ့ပေမယ့် သတင်းမီဒီယာကဏ္ဍ တိုးတက်ဖို့နဲ့ သတင်းသမားတွေအတွက် ထိရောက်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းနိုင်ခဲ့တာ မရှိသလို ဥပဒေအရ ကာကွယ်ပေးနိုင်မှု အားနည်းခဲ့တယ်လို့ သတင်းစာဆရာတဦးဖြစ်တဲ့ ဦးမြင့်ကျော်က ဆိုပါတယ်။ “စာပေစိစစ်ရေး ဖြုတ်လိုက်တဲ့ဟာ ၂၀၁၂ မှာ ဖြုတ်လိုက်တဲ့ဟာ ဒါ အကြီးမားဆုံး မှတ်တိုင်လို့ထင်တယ်။ ဒီစိစစ်ရေးက ကျနော်တို့ ၄၈ နှစ်ကြာခဲ့တဲ့ စိစစ်ရေး။ ဒီဟာ ဖြုတ်လိုက်တယ်။ ဖြုတ်လိုက်ပြီးတဲ့ အကျိုးဆက်ကတော့ သတင်းစာတွေ ထုတ်လာနိုင်တယ်။ ဒီဟာကတော့ အကြီးမားဆုံး အပြောင်းအလဲပေါ့နော်။ သို့သော် ဥပဒေပိုင်းဆိုင်ရာတွေမှာတော့ တကယ့် မီဒီယာလွတ်လပ်ခွင့်အတွက်၊ တကယ့်ကို ပြည့်စုံတဲ့ ဥပဒေမျိုး၊ တကယ်ကို မီဒီယာလွတ်လပ်ခွင့် အာမခံတဲ့ ဥပဒေမျိုးတော့ မရှိသေးဘူး။” အစိုးရသစ် တက်လာတဲ့အချိန်မှာ ပြန်ကြားရေးဝန်ကြီးဌာနကို ဆက်လက် ထားရှိခဲ့တာကြောင့် အရင်အစိုးရလက်ထက်က သတင်းမီဒီယာနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေကို ပြန်လည်ပြင်ဆင်သွားနိုင်ဖို့အတွက် ကြိုးစားသွားမယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးသီဟစောက ဆိုပါတယ်။ “အဲ့ဒီ ၀န်ကြီးဖြစ်သွားတာ ငါတို့ သတင်းမီဒီယာကောင်စီမှာ၊ စာနယ်ဇင်းကောင်စီ (ယာယီ) ထဲကပါခဲ့တဲ့ ဆရာဦးဖေမြင့် ဖြစ်သွားတယ်။ ဆိုတော့ သူက မီိဒီယာလောကရဲ့ ခံစားချက်တွေကို အစက ငါတို့ သတင်းမီဒီယာတွေနဲ့ အတူတူသွားပြီးတော့ သမ္မတတို့၊ ကာချုပ်တို့ကို သွားပြောခဲ့တယ်။ ဒါတွေလိုချင်တယ်၊ ဒါတွေဖြစ်ချင်တယ် ဆိုပြီးပေါ့။ သူ ၀န်ကြီးဖြစ်ပြီဆိုရင်၊ သူ လုပ်ခွင့်ရပြီဆိုတော့ သူပိုလုပ်မယ်လို့တော့ ထင်တယ်။ ဘယ်လောက်ထိ လုပ်နိုင်မလဲ၊ ဘယ်လောက်ထိ လုပ်ခွင့်သာမလဲတော့ မသိနိုင်သေးဘူး။ ဒါပေမယ့် သတင်းမီဒီယာသမားတွေရဲ့ အခွင့်အရေး၊ သတင်းမီဒီယာသမားတွေရဲ့ ပြဿနာတွေနဲ့ ပတ်သက်ရင်တော့ အရင်ထက်ပိုပြီးတော့ သူ Attention ပေးမယ်လို့ ထင်တယ်။” မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ဖွဲ့စည်းထားတဲ့ တိုင်ကြားမှုများဖြေရှင်းရေး ကော်မတီကို ၂၀၁၂ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း သတင်းသမားတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားမှုပေါင်း ၁၈၀ ကျော်ရှိခဲ့ပြီး ၈၀ ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ကျန်တဲ့ ရာခိုင်နှုန်းတွေမှာ တရားစွဲဆိုခံရမှုတွေနဲ့ ထောင်ကျခံရမှုတွေ ရှိနေတာကြောင့် ကျေနပ်လောက်တဲ့ အတိုင်းအတာကို မရရှိခဲ့ဘူးလို့ စာနယ်ဇင်းကောင်စီ (ယာယီ) က သိရပါတယ်။ သတင်း - ဟိန်းကို

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024