တရုတ်နိုင်ငံက မြောက်ကိုရီးယားနှင့် ကုန်သွယ်ရေးကို ကန့်သတ်

ဓာတ်ပုံ - ရိုက်တာ
ကုလသမဂ္ဂအဖွဲ့ကြီးက မြောက်ကိုရီးယားနိုင်ငံအပေါ် စီးပွားရေးပိတ်ပင်မှုတွေ ထပ်လုပ်ခဲ့တဲ့အတွက် မြောက်ကိုရီးယားနိုင်ငံရဲ့ အဓိက ကုန်သွယ်ဘက်ဖြစ်တဲ့ တရုတ်နိုင်ငံကလည်း မြောက်ကိုရီးယားနဲ့ ကုန်သွယ်ရေးကို ကန့်သတ်လိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံကနေ ရွှေနဲ့ ကျောက်မီးသွေး တင်သွင်းမှုကို ပိတ်ပင်လိုက်ပြီး တရုတ်နိုင်ငံကနေ ဂျက်လေယာဉ်လောင်စာဆီ တင်ပို့မှုကိုလည်း ပိတ်လိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့လတွေအတွင်း ကုလသမဂ္ဂရဲ့ ပိတ်ပင်မှုတွေကို ချိုးဖောက်ပြီး နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုတွေ၊ တာဝေးပစ်၊ တာတိုပစ် ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်တာတွေ ဆက်တိုက်လုပ်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့လက လုံခြုံရေးကောင်စီက ပိတ်ပင်မှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့တာပါ။ အခု တရုတ်နိုင်ငံက ကုန်သွယ်ရေး ကန့်သတ်မှုတွေ လုပ်လိုက်တဲ့ ကုန်ပစ္စည်းတွေကလည်း မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်နဲ့ ဆက်စပ်နိုင်တဲ့ သွင်းကုန်ထုတ်ကုန်တွေကို ပိတ်ပင်ခဲ့တာပါ။ ဒါပေမယ့် တရုတ်အစိုးရက ဘယ်လောက်အထိ တိတိကျကျ လိုက်နာဆောင်ရွက်မလဲ ဆိုတာကိုတော့ ဒေသတွင်း တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေး ကျွမ်းကျင်သူတွေကတော့ သံသယဖြစ်ကြပါတယ်။ သတ္တုတွင်းလုပ်ငန်းဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အဓိက နိုင်ငံခြားဝင်ငွေရ လုပ်ငန်းဖြစ်ပြီး သူ့ရဲ့ အကြီးဆုံးနဲ့ အဓိကကုန်သွယ်ဘက် တရုတ်နိုင်ငံက အခုလို ကန့်သတ်မှုတွေ လုပ်လာတဲ့အတွက် မြောက်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးကို ထိခိုက်နိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။ တရုတ်နိုင်ငံကို ကျောက်မီးသွေးတင်ပို့နေတဲ့ နိုင်ငံတွေထဲမှာ မြောက်ကိုရီးယားနိုင်ငံဟာ  တတိယအများဆုံး နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က တန်ချိန် သန်း ၃၀ တင်သွင်းခဲ့ပါတယ်။

More News
Up