ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့် ကနေဒါနိုင်ငံခြားရေးဝန်ကြီး ရန်ကုန်ရောက်

ဓာတ်ပုံ- ကနေဒါသံရုံး
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရှိတဲ့ ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး စတီဖင်ဒီအွန်ဟာ ဧပြီ ၆ ရက်က မြန်မာနိုင်ငံကို ရောက်ရှိလာပြီလို့ ရန်ကုန် အခြေစိုက် ကနေဒါသံရုံးက သတင်းထုတ်ပြန်ပါတယ်။ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဟာ သူ့ရဲ့ ဧပြီ ၈ ရက်ထိနှစ်ရက်ကြာ မြန်မာပြည်ခရီးအတွင်း နေပြည်တော်ကိုသွားရောက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌတို့နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ နိုင်ငံခြားရေးဝန်ကြီး စတီဖင်ဒီအွန်ဟာ အခုလို မြန်မာနိုင်ငံ သမိုင်းကြောင်းရဲ့ မှတ်တိုင်တခုဟု ဆိုလောက်သော အချိန်အခါမှာ မြန်မာနိုင်ငံသို့လာရောက်ရတာကို စိတ်လှုပ်ရှားရပါတယ်လို့ ရန်ကုန်ကနေဒါရုံးက သတင်းထုတ်ပြန်ပါတယ်။ ဧပြီ ၅ ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာ ဝမ်ယိဟာ မြန်မာပြည်ကို နှစ်ရက်ကြာ ခရီးရောက်ရှိခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံး တွေ့ဆုံဆွေးနွေးတဲ့ ၀န်ကြီး ဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက် အီတလီနိုင်ငံခြားရေးဝန်ကြီး ပါအိုလာ ဂျန်တီလိုနီဆေဗာရီဟာလည်း ဧပြီ ၆ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး မနက်ဖန် ဧပြီ ၇ ရက်မှာတော့ ကနေဒါနိုင်ငံခြားရေး ၀န်ကြီးနဲ့ ဒေါ်စုတို့ ဆက်လက်တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up