Home
မြန်မာသတင်း
လွှတ်တော်အသီးသီး မနက်ဖြန် စတင်ရပ်နားမည်
DVB
·
April 6, 2016
ဖေဖော်ဝါရီလဆန်းပိုင်းက စတင်ကျင်းပပြုလုပ်ခဲ့တဲ့ လွှတ်တော်အသီးသီးကို မနက်ဖြန် ဧပြီ ၇ ရက်က စလို့ ရပ်နားလိုက်ပြီး လာမယ့် မေလ ၂ ရက်ကျမှ  ပြန်လည်စတင်မှာ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီကိုယ်စားလှယ်တွေ အများစု တက်ရောက်ခဲ့ကြတဲ့ ဒုတိယအကြိမ်လွှတ်တော်များအတွင်း လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌတွေ ရွေးချယ်ခန့်အပ်တာဝန်ပေးတာ၊ သမ္မတဦးထင်ကျော်ခေါင်းဆောင်တဲ့ အစိုးရတရပ် ဖွဲ့စည်းတာတွေကို အဓိကထား လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါ့အပြင် လွှတ်တော်ရေးရာ အမြဲတမ်းကော်မတီတွေ၊ ရေးရာကော်မတီနဲ့ ကော်မရှင်တချို့ ဖွဲ့စည်းတာတွေကိုလည်း လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ လူထုတင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတဲ့ လွှတ်တော်အစပိုင်း ကာလမှာတင် အယ်လ်နီညိုနဲ့ တိုက်ပွဲများရပ်တန့်ဖို့ စတဲ့ အရေးကြီးအဆိုတွေ တင်သွင်းနိုင်ခဲ့ တာလည်း တွေ့ရပါတယ်။ လွှတ်တော်ကတင်သွင်းခဲ့တဲ့ အရေးကြီးအဆိုနဲ့ပတ်သက်လို့ အစိုးရဟောင်းဘက်က လွှတ်တော်ထဲ  လာရောက် မဖြေကြားခဲ့တာလည်း ရှိခဲ့ပါတယ်။ အန်အယ်လ်ဒီရဲ့ ဒုတိယအကြိမ်လွှတ်တော်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေတခုကို တပ်ကိုယ်စားလှယ်များ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတဲ့ကြားကပဲ အတည်ပြုနိုင်ခဲ့ပါတယ်။ လွှတ်တော်တွေကိုစောင့်ကြည့်လေ့လာနေတဲ့ ပွင့်လင်းမြန်မာရှေဆောင်အဖွဲ့က အမှုဆောင် ဒါရိုက်တာ ဦးအေးကျော်ကတော့ ဒီတကြိမ်လွှတ်တော်ကို လူထု စိတ်ဝင်တစားစောင့်ကြည့်မှုဟာ အင်မတန်ထူးခြားတယ်လို့ ပြောပါတယ်။ “ပထမအကြိမ်လွှတ်တော်ကို မီဒီယာတွေကအစ လူထုရဲ့စိတ်ဝင်စားမှုက ဇီးရိုး နီးပါးလောက်ကို ရှိပါတယ်။ အခုအချိန်မှာတော့ ဒုတိယအကြိမ်လွှတ်တော်သက်တမ်း စတဲ့အချိန်မှာ လူထုရဲ့ စိတ်ဝင်စားမှုရော မီဒီယာတွေရဲ့ စိတ်ဝင်စားမှုရောက အမြင့်ဆုံး အနေအထားကို ရောက်နေတယ်လို့ကို ပြောလို့ရပါတယ်။” လူထုက လွှတ်တော်ကို အခုလို စိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့အတွက် ကိုယ်စားလှယ်တွေအနေနဲ့ မပြတ်လေ့လာဆည်းပူးလုပ်ဆောင်နေမှ တန်ကာကျလိမ့်မယ်လို့လည်း ပြောပါတယ်။ လွှတ်တော်နှစ်ရပ်စလုံးတက်နေတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်တုန်းကလည်း ဧပြီ ပထမပတ်မှာ လွှတ်တော်နားခဲ့တယ်၊ ကိုယ်စားလှယ်တွေကို နေပြည်တော်မှာ စွမ်းရည်မြှင့်သင်တန်းပေးခဲ့ပြီး ဇွန်လကျမှ လွှတ်တော်တွေ ပြန်စခဲ့တာလို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024