ကျူးဘားနိုင်ငံတွင် ဂူဂယ်က ပထမဆုံး အခမဲ့ မြန်နှုန်းမြင့် အင်တာနက်ဆက်သွယ်မှု ဖွင့်လှစ်

ဓာတ်ပုံ - ရိုက်တာ
1.2K
ဂူဂယ်ကုမ္ပဏီက ကျူးဘားနိုင်ငံအတွင်း ပထမဆုံးအနေနဲ့ အခမဲ့ မြန်နှုန်းမြင့် အင်တာနက် ဆက်သွယ်မှုကို ဖွင့်ပေးလိုက်ပါတယ်။
ဟာဗားနားမြို့ အနောက်ပိုင်းက နည်းပညာဌာနအသစ်မှာ ခုလို ဖွင့်ပေးလိုက်တာပါ။
ခရုမ်းဘွတ်ခ် အလုံး ၂၀ တပ်ဆင်ထားတဲ့ နည်းပညာဌာနမှာ ယူကျု အင်တာနက် စာမျက်နှာကနေ ရုပ်သံဗွီဒီယိုဖိုင်တွေကို ထုတ်လွှင့်နိုင်စွမ်းရှိတဲ့ ကင်မရာ ၂ လုံးလည်း တပ်ဆင်ထားပါတယ်။
တပတ်ကို ငါးရက် ညလုံးပေါက် ဖွင့်ပေးထားတဲ့ ဒီဌာနဟာ တကြိမ်မှာ လူအယောက် ၄၀ ဆန့်ပါတယ်။
ဒါပေမယ့် လူဦးရေ ၁၁ သန်းအတွက် နိုင်ငံတလွှား ဒီလိုမျိုးဌာနတွေ လက်လှမ်းမီနိုင်စွမ်းကို မျှော်လင့်တယ်လို့ ကျူးဘားနိုင်ငံသားတဦးက ပြောပါတယ်။
ပလတ်စတစ် အနုပညာနဲ့ ရုပ်တုတွေအတွက် လူသိများတဲ့ အလက်စစ် လေးယဗာ ကယ်ချိုရဲ့ အနုပညာပြခန်းမှာ ဒီဌာနကို ဖွင့်လှစ်ခဲ့တာပါ။
ဂူဂယ်နဲ့ ကယ်ချိုတို့ဟာ ကျွန်းပေါ်မှာ ပညာရေး အခွင့်အလမ်းတွေ တိုးချဲ့နိုင်အောင် ဒီဌာနကို ဖန်တီးခဲ့ပါတယ်။
ကလေးတွေနဲ့ လူငယ်တွေ လက်လှမ်းမီနိုင်စွမ်းက အရေးကြီးတယ်၊ ဒါဟာ လူငယ်တွေအတွက် သိပ်ကောင်းတယ်လို့ ထင်တယ် ဆိုပြီး ဒေသခံတဦးက ပြောပါတယ်။
ကယ်ချိုဟာ အခုတော့ အမျိုးသားညီလာခံ ဒု-ဥက္ကဋ္ဌဖြစ်ပြီး အမေရိကန်က ဒဏ်ခတ်မှု ဖြေလျှော့တာရဲ့ စိန်ခေါ်မှုက ကျွန်းပေါ်ကို နည်းပညာတွေ တင်သွင်းလာတာပဲလို့ ပြောပါတယ်။
ဂူဂယ်မှာ ထောင်ချောက်တွေ အများကြီးရှိတယ်၊ ဂူဂယ်ကိုသုံးနိုင်ဖို့ ပိတ်ဆို့ထားတာတွေကို ဖွင့်ပေးရလိမ့်မယ်၊ ဒါက ပထမခြေလှမ်းပဲလို့ သူက ပြောပါတယ်။
ကယ်ချိုက ဒီဌာနဟာ အမေရိကန်နဲ့ ကျူးဘား တက္ကသိုလ်တွေ၊ သိပ္ပံပညာရှင်တွေကြား ဆက်ဆံရေး တိုးမြှင့်ရာမှာ သုံးနိုင်မယ်လို့လည်း ပြောပါတယ်။
ဂူဂယ်ဟာ ကျူးဘားကျွန်းပေါ်မှာ ဝိုင်ဖိုင်နဲ့ ဘရော့ဘန် ကွန်ရက်တွေကို ပိုပြီး တပ်ဆင်သွားလိမ့်မယ်လို့ အမေရိကန်သမ္မတ ဘားရတ် အိုဘားမားက အေဘီစီ သတင်းဌာနကို သူ့ရဲ့ ကျူးဘားကို သမိုင်းဝင် ခရီးစဉ်အတွင်း ပြောခဲ့ပါတယ်။