ဖိလစ်ပိုင်-အမေရိကန် စစ်ရေးလေ့ကျင့်မှု စတင်

ဓာတ်ပုံ - ရိုက်တာ
1.5K
ဖိလစ်ပိုင်နဲ့ အမေရိကန်စစ်တပ်တို့ရဲ့ နှစ်စဉ်ကျင်းပမြဲ စစ်ရေးလေ့ကျင့်မှုတွေကို ဧပြီ ၄ ရက်နေ့က စတင်ပါတယ်။
သီတင်း ၂ ပတ်ကြာမြင့်မယ့် ဒီစစ်ရေးလေ့ကျင့်မှုတွေမှာ နှစ်နိုင်ငံတပ်ဖွဲ့ဝင် ၈၀၀၀ လောက် ပါဝင်ကြမှာဖြစ်ပြီး စစ်မဟာဗျူဟာနဲ့ ကွပ်ကဲရေး၊ ဆက်သွယ်ရေး၊ ထောက်ပံ့ရေးနဲ့ တပ်ရွေ့လျားမှု စစ်ရေးလေ့ကျင့်မှုတွေကို လုပ်ဆောင်ကြမှာပါ။
ဖိလစ်ပိုင်စစ်တပ် အကြီးအကဲကတော့ ဒီစစ်ရေးလေ့ကျင့်မှုတွေဟာ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းကိုမှ ရည်ရွယ်တာမဟုတ်ဘဲ ကိုယ့်တပ်ဖွဲ့တွေရဲ့ စစ်ရေးဆိုင်ရာစွမ်းရည် တိုးတက်ရေး၊ တည်ဆောက်ရေးကိုပဲ ရည်ရွယ်တယ်လို့ ပြောပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုတွေကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ပထမဆုံး တက်ရောက်ကြည့်ရှုဖို့ရှိပြီး သြစတြေးလျ၊ ဂျပန်နဲ့ ဗီယက်နမ်တပ်ဖွဲ့ဝင်တွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။
သယံဇာတကြွယ်ဝတယ်လို့ ယုံကြည်နေရတဲ့ တောင်တရုတ်ပင်လယ်အားလုံး နီးပါးကို တရုတ်နိုင်ငံက ပိုင်ဆိုင်တယ်လို့ ကြေညာထားပြီး ဖိလစ်ပိုင်နိုင်ငံ အပါအ၀င် တခြား အရှေ့တောင်အာရှနိုင်ငံတွေနဲ့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုတွေလည်း လတ်တလော ဖြစ်ပွားနေပါတယ်။
အမေရိကန်နိုင်ငံကလည်း လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ဆိုပြီး တရုတ်နိုင်ငံက ပိုင်ဆိုင်တယ်လို့ ကြေညာထားတဲ့ ကျွန်းတွေနားမှာ စစ်သင်္ဘောတွေကို ခုတ်မောင်းနေတဲ့အတွက် တရုတ်နိုင်ငံကလည်း အပြန်အလှန် ပြစ်တင်စွပ်စွဲနေကြတာပါ။
ဒေသတွင်း တက်ကြွလှုပ်ရှားသူတွေကတော့ အခုလို စစ်ရေးလေ့ကျင့်မှုတွေဟာ ဒေသတွင်း တင်းမာမှုတွေကို ပိုပြီး အားပေးသလိုဖြစ်မယ်လို့ ပြောဆိုကြပါတယ်။