Home
ဆောင်းပါး
လက်ပံပွင့်ကြွေ စိန်ပန်းဝေ ရွက်ဟောင်းမြေခ တပေါင်းလ
DVB
·
April 5, 2016
ဥသြဖို တွန်သံမြည်တော့၊ သောတာပန် မဟာထေရ်တို့၊ မဆည်နိုင် မျက်ရည်စို့ကြတယ်၊ လွမ်းဖွယ့်တပေါင်း။ ။ “လများသာခေါင် လများနောင်” ဆိုတဲ့ ၁၂ လရာသီရဲ့ နောက်ဆုံးလဟာ တပေါင်းလပါ။ တပေါင်းလဆန်း ၁ ရက်ဟာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်တယ်။ မြန်မာပြည်ရဲ့ တပါးတည်းသော ဘုရင်မကြီး ရှင်စောပုကလည်း တပေါင်းလဆန်းမှာ မွေးဖွားခဲ့တာပါ။ တပေါင်းပွဲတော်ဟာ ထင်ရှားပါတယ်။ ရန်ကုန် ရွှေတိဂုံဘုရားပွဲတော်၊ မန္တလေး ရွှေစာရံဘုရားပွဲတော် အပါအ၀င် အနယ်နယ်အရပ်ရပ် တပေါင်းဘုရားပွဲတော်တွေ ကျင်းပတဲ့လလည်း ဖြစ်ပါတယ်။ သဲပုံစေတီပွဲတွေ ကျင်းပကြသလို တပေါင်းလပြည့်ဟာ ပအိုဝ်းအမျိုးသားနေ့ပါ။ မြန်မာ့ဇာတိမာန် သီချင်းတွေ အ၀င်အပါ ဓာတ်ပြားခေတ် တေးရေးဆရာကြီး ရွှေတိုင်ညွန့် ဆုံးပါးခဲ့တဲ့လဆိုလည်း ဟုတ်ပါတယ်။ သရုပ်မှန် စာရေးဆရာမ မိုးမိုး (အင်းလျား) ကွယ်လွန်ခဲ့တာလည်း တပေါင်းလမှာပါပဲ။ အဲ့ဒီ ဖြစ်သနစ်စုံတဲ့ တပေါင်းလအကြောင်း မြန်မာ့စွယ်စုံကျမ်း ရုပ်ပြဗဟုသုတဘဏ်မှာ အောက်ကအတိုင်း တွေ့ရပါမယ်။ တပေါင်းလ။ ။ မြန်မာလများတွင် ဆယ့်နှစ်ကြိမ်မြောက်လသည် တပေါင်းလ ဖြစ်လေသည်။ ပဌမလ၀က်သည် ဆောင်းရာသီစက်မှ မလွတ်သေးချေ။ ဒုတိယလ၀က်သို့ ရောက်မှသာ နွေရာသီစက်သည် စတင်လေသည်။ ထို့ကြောင့် တပေါင်းလသည် ဆောင်းတ၀က် နွေတ၀က်လဖြစ်၍ “နေ့ပူလို့ ညချမ်း တပေါင်းလသရမ်း” ဟု လူတို့ ဆိုစမှတ် ပြုကြသည်။ ၂၇ လုံးသော နက္ခတ်များ စုပေါင်း ပေါ်ထွက်ခြင်းကြောင့်လည်းကောင်း၊ ထန်းရည်များ ပေါင်းစပ်ကျိုချက်သဖြင့် ထန်းပေါင်း ဟူသောစကားမှ ရွေ့ရှားလာခြင်းကြောင့်လည်းကောင်း၊ တပေါင်းလဟု ခေါ်တွင်သည်ဟုဆိုသည်။ ဗေဒင်အလိုအားဖြင့်ကား တပေါင်းလသည် မိန်ရာသီဖြစ်၏။ မိန်ရာသီ၏ အရုပ်မှာ ငါး ၂ ကောင်ဖြစ်သည်။ စန်းယှဉ်နက္ခတ်ကား ဥတ္တရ ဘရဂုဏ္ဏီတည်း။ သရဖီကို ရာသီပန်းအဖြစ် အသိအမှတ်ပြုကြ၏။ ယင်းလတွင် မြစ်များ၊ ချောင်းများ ရေစစ်ကာ သောင်ခုံသဲပြင်များ ပေါ်ထွန်းသဖြင့် သဲပုံစေတီတည်သော ရာသီပွဲများ ကျင်းပလေ့ရှိသည်ဟု စာဟောင်းပေဟောင်းများ၌ အဆိုရှိခဲ့၏။ ထိုလ၌ နေထွက်ချိန်မှာ ၆ နာရီ ၁၀ မိနစ်ဖြစ်၍ နေ၀င်ချိန်မှာ ၅ နာရီ မိနစ် ၅၀ ဖြစ်သည်။ နေ့တာအနည်းငယ်တို၍ ညတာရှည်သည်။ တပေါင်းလသည် ဆောင်းကြွင်း နွေဦးလဖြစ်သဖြင့် လောကသဘာဝအလုံးသည် သစ်ပင်များ ရွက်ဟောင်းစွန့်၍ ရွက်သစ်လွန့်ကာ အညွန့်အညှောက်များ ပေါ်ထွက်လာခြင်းဖြင့် တင့်တယ် သာယာလှပေသည်။ မြန်မာစာပေလောကတွင် ရှေးစာဆိုအများသည် တပေါင်းလကို အထူးဖွဲ့ဆို ရေးသားခဲ့ကြလေသည်။ အင်းဝခေတ် ရဟန်းစာဆို ရှင်ဥတ္တမကျော်သည် သူ၏ တောလားကဗျာကြီး၌ တပေါင်းလ၏ တင့်တယ်သာယာပုံကို “လေခမြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ယော်ယီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတ၀က်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံးလင်းသား” ဟု ချီးကျူးဖွဲ့ဆိုခဲ့၏။ ရှင်အုံးညိုကလည်း တပေါင်းလ၏ ကြည်နူးရှုချင်ဖွယ် ကောင်းပုံကို ဂါထာ ၆၀ ပျို့တွင် ကာဠုဒါရီအမတ် မြတ်စွာဘုရားအား လျှောက်ကြားသည့်ဟန် ဖွဲ့နွဲ့စပ်ဆိုခဲ့၏။ ကုန်းဘောင်ခေတ် ပြဇာတ်ဆရာကြီး ဦးကြင်ဥကမူ “ရှစ်ခွင်တိုင်း၊ မှုန်မှိုင်းတဲ့ပတ်လည်။ ။ သဇင်ကြွင်းငယ်နှင့်၊ အင်ကြင်းသန္တာညွန့်ငယ်တို့၊ ဖူးကွန့်ကိုက်စည်။ ။ ဘမရာ ရွှေပိတုန်းငယ်တို့၊ ချွေသုံးကြ၀တ်ရည်၊ ဆွတ်ကြည်ဘွဲ့ဖော်ကွဲ။ ။ ယင်းသည့်နေ့ဆိုင်၊ ရသေ့သူတော်တိုင်မှ၊ ဉာဏ်မခိုင် ဈာန်ယိုင်လျှောရတယ်၊ ရာသီတွင် ခါညီပြောပေပ၊ ကြော၍သာမြဲ။” ဟု တပေါင်းလ၏ စာပန်းချီကို ရေးခြယ် သီကုံးခဲ့ပေသည်။ မတ်လတပေါင်း ရွက်သစ်လောင်း ရွက်ဟောင်းကြွေတဲ့ နွေအပြောင်း။ အခါကောင်းနှင့် ကြုံရပြန် ဖက်ဆစ်ဂျပန် ဒို့တော်လှန် နိုင်ငံတ၀န်းလုံး ပါဝင်ကြ လှည်းနေလှေအောင်း မကျန်ရ။ တက်တက်ကြွကြွ ညီတဲ့ဂုဏ် မတ်လအရေးတော်ပုံ လေရူးသုန်သုန် ဒီနွေဦး ငါတို့ မေ့နိုင်ဘူး။ ။ (တင်မိုး) တပေါင်းလဆန်း ၁ ရက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ မြန်မာသက္ကရာဇ် ၁၂၇၆ ခုနှစ် တပေါင်းလဆန်း ၁ ရက် စနေနေ့ (ခရစ်နှစ် ၁၉၁၅ ဖေဖော်ဝါရီ ၁၃) မနက်လင်းအားကြီးမှာ (ဗိုလ်ချုပ်အောင်ဆန်းလောင်းလျာ) မောင်ထိန်လင်းကို အဖ ဦးဖာ၊ အမိ ဒေါ်စုတို့က မကွေးတိုင်း၊ နတ်မောက်မြို့မှာ မွေးဖွားခဲ့တယ်။ သပိတ်မှောက် ကောလိပ်ကျောင်းသား ကိုအောင်ဆန်း၊ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ဆန်း၊ သခင်အောင်ဆန်း၊ ရဲဘော်သုံးကျိပ်ခေါင်းဆောင် ဗိုလ်တေဇ၊ ဗမာ့တပ်မတော်ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က ယိုးဒယားနိုင်ငံ၊ ဘန်ကောက်မြို့မှာ လက်မောင်း သွေးဖောက်သောက်ပြီး စတင်တည်ထောင်ခဲ့သူ ဗိုလ်တေဇ (ဗိုလ်ချုပ်အောင်ဆန်း) အဖြစ် ထင်ရှားသူပါ။ ပြည်သူတရပ်လုံး၊ တိုင်းရင်းသား ပြောက်ကျားတပ်ပေါင်းစုအားလုံး၊ ဗမာပြည်ကွန်မြူနစ်ပါတီတပ်တွေနဲ့ ဗမာ့တပ်မတော်တို့ စုပေါင်းပါဝင်ခဲ့ကြတဲ့ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးကြီးရဲ့ အဓိက ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။ ၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့မှာ လုပ်ကြံခံခဲ့ရတယ်။ တပါးတည်းသော ဘုရင်မကြီး ရှင်စောပု မွေးဖွားခဲ့တဲ့လ မွန်-ဗမာသမိုင်းမှာ တဦးတည်း ဘုရင်မကြီး ရှင်စောပုကို မြန်မာသက္ကရာဇ် ၇၅၅ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့မှာ မွန်ဘုရင် ရာဇာဓိရာဇ်နဲ့ မိဘုရား သုဒ္ဓမာယာတို့က မွေးဖွားခဲ့တယ်။ ဟံသာဝတီ မွန်နေပြည်တော် ဘုရင်မကြီးအဖြစ် သက္ကရာဇ် ၈၁၄ ခုနှစ် သက်တော် ၆၀ မှာ နန်းတက်ခဲ့တယ်။ ၇ နှစ် နန်းစံခဲ့ပြီး သက္ကရာဇ် ၈၂၁ ခုနှစ်မှာ သားမက်တော် ဓမ္မစေတီမင်းကို ထီးနန်းလွှဲပေးလိုက်တာပါ။ အဲ့ဒီနောက် သာသနာရေးတွေကိုပဲ လုပ်နေခဲ့ပြီး သက္ကရာဇ် ၈၃၄ ခုနှစ် သက်တော် ၇၉ နှစ်အရောက် ရန်ကုန်မှာ နတ်ရွာစံခဲ့တယ်။ စာရေးဆရာမ မိုးမိုး (အင်းလျား) ကွယ်လွန်ခဲ့တဲ့ တပေါင်းလ အမျိုးသားစာပေဆုရ စာရေးဆရာမ မိုးမိုး (အင်းလျား) ဟာ လုံးချင်းဝတ္ထုရှည်၊ ၀တ္ထုတိုပေါင်းချုပ် စသဖြင့် ဒိတ်ဒိတ်ကြဲ စာအုပ်တွေ ရေးသားခဲ့သူ၊ စံပယ်ဖြူမဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာနဲ့ ကျောင်းဆရာမ ဖြစ်ခဲ့သူပါ။ ၁၉၄၄ ခုနှစ် အောက်တိုဘာ ၂၄ ဒိုက်ဦးမှာမွေးတယ်။ အမည်ရင်း စန်းစန်းကို၊ ၁၃၅၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် အင်္ဂါနေ့၊ ခရစ်နှစ် ၁၉၉၀ မတ် ၁၃ (အသက် ၄၆ နှစ်မှာ) ကွယ်လွန်သွားတယ်။ ရန်ကုန်တက္ကသိုလ် (အင်းလျား) အဆောင်သူ ဘ၀နဲ့ စာရေးခဲ့ရာက မိုးမိုး (အင်းလျား) ကလောင်ယူတာဖြစ်တယ်။ ပထမဆုံး သူ့လက်ရာ ပျောက်သောလမ်းမှာ စမ်းတ၀ါး ၀တ္ထုရှည်ကို ၁၉၇၄ ခုနှစ်မှာ ထုတ်ခဲ့တယ်။ ဒီစာအုပ်နဲ့ပဲ ၁၉၇၄ ခုနှစ်အတွက် အမျိုးသားစာပေဆု ရခဲ့တယ်။ နောက်ထပ်လည်း စာအုပ် ၃ အုပ်အတွက် အမျိုးသားစာပေ (၀တ္ထုတိုပေါင်းချုပ်ဆု) တွေ ရခဲ့ပါသေးတယ်။ ၁၉၈၉ သြဂုတ်ကနေ ၁၉၉၀ မတ် ၁၃ ရက်၊ မြန်မာ ၁၃၅၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ကွယ်လွန်ချိန်တိုင် စံပယ်ဖြူမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ လုပ်ခဲ့တာပါ။ ဆရာမရဲ့ စာအုပ်တွေကို အင်္ဂလိပ်၊ ဂျပန်၊ ရုရှား ဘာသာတွေနဲ့လည်း ပြန်လည်ထုတ်ဝေခဲ့ပါတယ်။ မှတပါး အခြားမရှိပြီ အပါအ၀င် စာအုပ်တချို့ကို ရုပ်ရှင်ရိုက်ခဲ့ပါတယ်။ မီးရောင်အောက်ကိုဝင်လျှင်၊ သဗ္ဗေသတ္တာ အဝေရာဟောန္တု၊ ပွင့်တချို့ ကြွေတချို့၊ သုံးလွန်းတင်မှကြိုး စသဖြင့် စာအုပ်တွေ ရေးထားခဲ့ပါတယ်။ တေးရေးဆရာကြီး ရွှေတိုင်ညွန့် ကွယ်လွန်ခဲ့တဲ့ တပေါင်းလ ရွှေတိုင်ညွန့်ဟာ ဒုတိယကမ္ဘာစစ်ကြိုခေတ်က နာမည်ကျော် ဓာတ်ပြားသီချင်း အများဆုံး စပ်ဆိုခဲ့သူလို့ သိရပါတယ်။ ၁၃၀၆ ခု တပေါင်းလဆုပ် ၁ ရက်နေ့က ကြည့်မြင်တိုင်နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူဆုံးတဲ့ရက်ဟာ ခရစ်နှစ် ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်မို့ မတ် ၂၇ ဖက်ဆစ်တော်လှန်ရေးနေ့ဖြစ်ဖို့ တလတောင် မလိုတော့ပါဘူး။ ဒါပေမယ့် “တပ်မတော်ကြီးကို အင်အားရှိဖို့ အရာရာမှာကူညီ။ ရဲဘော်အပေါင်းကို ကိုယ့်သွေးသားလို အစဉ်မမေ့အပ်ပေသည်” အစချီ တပ်မတော်အင်အားသီချင်းကို နောက်ဆုံးစပ်ဆို ပေးသွားခဲ့သေးတာပါ။ ရွှေတိုင်ညွန့်ဟာ တနှစ်ကို သီချင်းအပုဒ် ၈၀ လောက် စပ်နိုင်သူ၊ အဆိုတော် ထား၊ အဆိုတော် မောင်မျိုးဆက်၊ လူရွှင်တော် တိုင်းကျော်တို့ရဲ့ဖခင် ဖြစ်တယ်။ ရွှေတိုင်ညွန့်ရဲ့ ဖခင်ကလည်း နိုင်ငံကျော် လူရွှင်တော်ကြီး ဦးကြင်ခဲပါ။ ရွှေတိုင်ညွန့်ရဲ့ ငယ်နာမည်က ကိုအုန်းဆိုင်၊ သူ့အစ်ကိုက နာမည်ကျော် ဇာတ်မင်းသား ကျော်အုန်းလှိုင် ဖြစ်ပါတယ်။ တပေါင်းလပြည့်ဟာ ပအိုဝ်းအမျိုးသားနေ့ ဘီစီ ၆ ရာစု၊ မဟာသက္ကရာဇ် ၂ ခုနှစ်၊ တပေါင်းလပြည့်၊ နေထွက်စ လဝင်ခါနီးအချိန် ရာဇာသက္ကမင်းကြီးနဲ့ ကလျာဏဒေဝီမိဖုရားတို့က သူရိယစန္ဒာမင်းသားကို ဖွားမြင်ခဲ့ပါတယ်။ သူရိယစန္ဒာမင်းသားဟာ ခမည်းတော် နတ်ရွာစံပြီးတဲ့အခါ ဘုရင်ဖြစ်လာရာက သထုံပြည်ဟာ တိုးတက်သာယာလာတယ်လို့ ပအိုဝ်းလူမျိုးတွေက ယုံကြည်ကြပါတယ်။ မင်းကောင်းမင်းမြတ် တပါးဖြစ်တဲ့ သူရိယစန္ဒာမင်းကြီး မွေးနေ့ တပေါင်းလပြည့်ကို ပအိုဝ်းအမျိုးသားနေ့လို့ သတ်မှတ် ထားပါတယ်။ တပေါင်းလဘွဲ့ တပေါင်းရယ်တဲ့ မိန်ရာသီ။ ရွက်ဟောင်းကို လေနှင်လို့ ပန်တော်ဝင် ရွှေအင်ကြင်းငယ် သင်းပျံ့ခဲ့ပြီ။ နီတျာ သန္တာနှစ်လိုပ စီအမြွှာ ညှာသရစ်ကယ်တို့ ၀နာသစ် ပြောင်းကာမှီ ဆောင်းရာသီရယ်တဲ့ ကုန်ကျွမ်း။ ဘရဂုဏ္ဏီမှာ တူအညီ သော်တာပြည့်ပါလို့ မျှော်ကြည့်သူ ကြည်ကြည်သာ၍ သည်အခါ ငွေတောင်ဦးမှာလ သဲစေတီ သဘင်ထူးကို မြူးလို့ပျော်ခန်း။ ။ တပေါင်းဟာ မြန်မာလတွေထဲမှာ နောက်ဆုံးလပါ။ နှစ်ကူးတော့မယ့်ကာလ ပိတောက်နဲ့ ငု ကလေးတွေလည်း ပွင့်တတ်ပါတယ်။ အခုအချိန်မှာပဲ ပိတောက်နံ့ကလေးမွှေးမွှေးနဲ့ စာရေးနေပါတယ်။ ဒီအချိန်မှာပဲ တပေါင်းလဘုရားပွဲ ကျင်းပနေသံတွေ၊ ဘုရားပွဲတွေဆီကို လှည်းတအီအီနဲ့ လာနေကြသံတွေ၊ ဘုရားပွဲဈေးတန်းတွေက မြန်မာ့ရိုးရာမုန့်၊ အကြော်အလှော် အနံ့တွေ၊ ပွဲဈေးတန်းက ဈေးသည်တွေရဲ့ လာပါ ကြည့်ပါ ၀ယ်ပါ ခေါ်သံတွေ၊ မြန်မာ့ရိုးရာ ဇာတ်ပွဲတွေက တေးသီချင်းသံတွေကို မြင်ယောင် ကြားယောင်နေမိပါတယ်။ ။ မောင်တူး ကိုးကား - ၁။ ဆယ့်နှစ်လရာသီပန်းများနှင့် ပွဲတော်များ။ (ခင်မျိုးချစ်၊ ဂျူနီယာဝင်း) - ဒေါင်းစာပေ ၂။ မြန်မာ့စွယ်စုံကျမ်း မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း၊ ရန်ကုန်မြို့ - စာပေဗိမာန် ၃။ မြန်မာ့ဆယ်နှစ်လအကြောင်း (မောင်ထင်) - ပါရမီစာပေ ၄။ ပအိုဝ်းအမျိုးသားနေ့ ပအိုဝ်းလူငယ်အစည်းအရုံး ထုတ်ပြန်ချက် ၂၀၁၆
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024