သူရဦးရွှေမန်း၏ ကော်မရှင်အဖွဲ့ဝင် ၄ ဦး နုတ်ထွက်၊ အစားထိုးခန့်အပ်

ဓာတ်ပုံ - သူရဦးရွှေမန်းဖေ့စ်ဘွတ်ခ်။
2.6K
သူရဦးရွှေမန်းခေါင်းဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်တွေ ၄ ဦး နုတ်ထွက်သွားတဲ့အတွက် အဖွဲ့ဝင်သစ် ၄ ဦးနဲ့ အစားထိုး ခန့်အပ်လိုက်ပါတယ်။
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဒု-ဥက္ကဋ္ဌ ၂ ဒေါက်တာဝင်းမြတ်အေး၊ အဖွဲ့ဝင် ဒေါက်တာမြင့်ထွေး၊ ဦးစိုးရယ်နဲ့ ဦးအောင်မြင့်တို့ မိမိသဘောဆန္ဒအရ နုတ်ထွက်သွားတဲ့အတွက် သူတို့ရဲ့အစား အဖွဲ့ဝင်သစ် ၄ ဦးကို အစားထိုး တာဝန်ပေးခန့်အပ်လိုက်တာပါ။
အဖွဲ့ဝင်သစ်တွေကတော့ ဒေါက်တာသန်းဝင်း (အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မန္တလေး တိုင်းဒေသကြီး မှတ် (၁) က ဒု-ဥက္ကဋ္ဌ ၂ အဖြစ်လည်းကောင်း၊ အဖွဲ့ဝင်တွေအဖြစ်တော့ ဦးဝင်းထိန် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း)၊ ဦးညီထွန်း (အငြိမ်းစားဝန်ထမ်းလေ့ကျင့်ရေးအဖွဲ့)၊ ဦးဘိုဝင်း (အငြိမ်းစားညွန်ကြားရးမှူးချုပ် ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ပညာရေးဦးစီးဌာန) တို့ကို ခန့်အပ်တာဝန်ပေးလိုက်တာပါ။
ဒီအဖွဲ့ဝင်သစ်တွေကို ကန့်ကွက်သူမရှိ သဘောတူတဲ့အတွက် ဒီကနေ့မနက် ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
ဒီကော်မရှင်ကို ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်းမှာ ကော်မရှင်ဥက္ကဋ္ဌအဖြစ် သူရဦးရွှေမန်းနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ်ဟောင်း တွေ အများစုပါဝင်တဲ့ အဖွဲ့ဝင် ၃၅ ဦးနဲ့ ဖွဲ့စည်းခဲ့တာပါ။
ကော်မရှင်ဟာ လက်ရှိတည်ဆဲဥပဒေတွေကို လေ့လာဆန်းစစ်ပြီး လွှတ်တော်ကို အကြံပြုရမယ့် အဖွဲ့ဖြစ်ပြီး တည်ဆဲဥပဒေတွေထဲက ဥပဒေပေါင်း ၁၄၀ ကျော်ကို ပြင်ဆင်ပယ်ဖျက်ရုပ်သိမ်း အသစ် ပြန်လည်ရေးဆွဲဖို့ မကြာသေးခင်ကပဲ လွှတ်တော်ကို အကြံပြုတင်ပြထားပါတယ်။