ဆီးရီးယားဘောလုံးအဖွဲ့ချုပ် မော်ရင်ဟိုကို ကမ်းလှမ်း

မော်ရင်ဟိုကို နည်းပြလုပ်ပေးဖို့အတွက် တိုက်ပွဲဒဏ်တွေကို ရင်ဆိုင်နေရတဲ့ ဆီးရီးယားနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကမ်းလှမ်းလိုက်ပါတယ်။ အသက် ၅၃ နှစ်ရှိ ပေါ်တူဂီနိုင်ငံသား မော်ရင်ဟိုကို အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်က ချိတ်ဆက်နေသလို ကမ္ဘာ့အဆင့် ၁၂၃ ရှိတဲ့ ဆီးရီးယားကလည်း မော်ရင်ဟိုရဲ့ ကိုယ်စားလှယ်ဆီကို စာရေးပေးပို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့က တရားဝင် ကမ်းလှမ်းဖို့ သဘောတူညီခဲ့ပြီး ဆီးရီးယားအသင်းကို ထိန်းကြောင်းပေးဖို့ မော်ရင်ဟိုရဲ့ ကိုယ်စားလှယ်ထံ ကမ်းလှမ်းခဲ့တယ်လို့ ဆီးရီးယား ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ၀င်ခွင့်ရဖို့အတွက် ကမ္ဘာ့အဆင့်မီ နည်းပြတဦးကို လက်မှတ်ထိုးဖို့ အရေးကြီးသလို သဘောတူညီချက်ရအောင် ဆွေးနွေးမှုတွေလုပ်ဖို့လည်း တံခါးဖွင့်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။ ဆီးရီးယားအသင်းရဲ့ ကမ်းလှမ်းမှုနဲ့ ပတ်သက်ပြီး မော်ရင်ဟိုဘက်က တုံ့ပြန်မှုကိုတော့ မသိရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up