စာသင်ကျောင်းများတွင် အားကစားလှုပ်ရှားမှုဖြစ်လာရေး ပံ့ပိုးမည်ဟု ၀န်ကြီးပြော

ဒေါက်တာမြင့်ထွေး။
စာသင်ကျောင်းတွေမှာ အားကစားလှုပ်ရှားဖို့ ၀န်ကြီးဌာနက ပံ့ပိုးလုပ်ဆောင် သွားချင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဧပြီ ၄ ရက်နေ့က အားကစားနဲ့ကာယပညာ ဦးစီးဌာနမှာ အရာထမ်းတွေနဲ့တွေ့ဆုံပြီး ပြောကြားလိုက်တာပါ။ “ကျောင်းတွေမှာ ကျနော်တို့က အများကြီးပံ့ပိုးမယ်။ အားကစားကွင်းကတော့ ဘောလုံးကွင်းကတော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဘက်တမင်တန်တို့၊ ဘတ်စကက်ဘောတို့၊ ဘောလီဘောတို့၊ ပင်ပေါင်တို့ တခြားအားကစားတွေ ရှိပါတယ်” လို့ သူက ပြောပါတယ်။ ဒီလိုလုပ်ဆောင်တဲ့အခါမှာလည်း ပြည်နယ်တွေကို အရင်ဆုံး ဦးစားပေးမယ်လို့ သူက ဆိုပါတယ်။ လုပ်ဆောင်မယ့် အသေးစိတ်ပုံစံတွေကိုတော့ ညှိနှိုင်းရဦးမှာဖြစ်တယ်လို့ ၀န်ကြီးက ပြောပါတယ်။ အားကစားဝန်ကြီးဌာနကို အခု ကျန်းမာရေးဝန်ကြီးဌာနမှာ ပူးပေါင်းဖွဲ့စည်းလိုက်တာပါ။ “ဒီလိုလုပ်တဲ့အခါမှာလည်း တိုင်းနဲ့ပြည်နယ်တွေက စပြီး ၀င်ချင်တယ်။ ရန်ကုန်တိုင်းတို့၊ မန္တလေးတို့ မဟုတ်ပါဘူး။ တခါလုပ်လည်း ရန်ကုန်၊ တခါလုပ်လည်း မန္တလေး၊ တခါလုပ်လည်း မော်လမြိုင် ဆိုတာကတော့ သိပ်ပြီးတော့ အဓိပ္ပာယ်မရှိဘူး” လို့ ၀န်ကြီးက ပြောပါတယ်။ သမ္မတဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးသစ်တွေအနေနဲ့ ရက် ၁၀၀ အတွင်း ဆောင်ရွက်မှာတွေ ရှိနေပြီး လက်ရှိမှာတော့ သူတို့ တာဝန်ယူရတဲ့ ဌာနတွေမှာ မိတ်ဆက်ညှိနှိုင်းနေတာ ဖြစ်ပါတယ်။

More News
Up