Home
မေးမြန်းခန်း
အမျိုးသားအဆင့်ကော်မတီဖွဲ့ရန် မသန်စွမ်းသူများ လိုလား
DVB
·
April 4, 2016
နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ မြန်မာနိုင်ငံက မသန်စွမ်းအဖွဲ့အစည်းများရဲ့ လိုလားတောင်းဆိုချက်တွေကို စုစည်းဖော်ပြပါတယ်။ ဦးစောသက်အောင်(Monitoring & Evaluation Manager, MILI) အရေးကြီးဆုံးက အမျိုးသားအဆင့်ကော်မတီဖွဲ့ဖို့ပါ။ ဥပဒေသာ ပြီးသွားပေမယ့် ဟိုမရောက် ဒီမရောက် ဖြစ်နေတယ်။ အမျိုးသားအဆင့်ကော်မတီဖွဲ့ပြီးမှ ၀န်ကြီးဌာနတွေကို ခေါ်ပြီး Action Plan တွေ ဆွဲလို့ ရမှာ။ ဒါကြောင့် အမျိုးသားအဆင့်ကော်မတီဖွဲ့ဖို့ကိုလည်း အစိုးရသစ်ကို တောင်းဆိုထားပါတယ်။ By-Law လည်း မြန်မြန်ထွက်စေချင်တယ်။ အစိုးရသစ်ရဲ့ ထုတ်ပြန်ချက်တိုင်းမှာ Accessible (ပေါက်ရောက်) ဖြစ်စေချင်တယ်။ ဦးကောင်းထက်နိုင် (ဒုဥက္ကဋ္ဌ၊ Future Stars) အခု လက်ရှိမှာ စောပါသေးတယ်။ မသန်စွမ်းအသင်းချုပ်နဲ့က တဆင့် မသန်စွမ်းအမျိုးသားကော်မတီမှ ဆက်လက်ပြီး အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်၊ မသန်စွမ်းတွေရဲ့ တဦးချင်းလိုအပ်ချက်တွေကို တောင်းဆိုပါမယ်။ အခုတက်လာတဲ့အစိုးရအသစ်ကို ကြိုဆိုပါ တယ်။ အစိုးရအသစ်ရဲ့ ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ဆောင်ပုဒ်အတိုင်း အရာရာအားလုံးပြောင်းလဲ မယ်လို့ ယုံကြည်ပါတယ်။ မသန်စွမ်းတွေ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ နိုင်ငံတကာ စံချိန်စံညွန်းနဲ့အညီ အစိုးရအသစ်က ထောက်ပံ့ပေးဖို့လည်း လိုအပ်ပါတယ်။ မသန်စွမ်း အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်တွေ မသန်စွမ်းတဦးတယောက်ချင်းစီရဲ့လိုအပ်ချက်တွေကို မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်ကတဆင့် မသန်စွမ်းအမျိုးသားကော်မတီမှ မသန်စွမ်း တွေရဲ့ လိုအပ်ချက်ရသင့် ရထိုက်တဲ့အခွင့်ရေးတွေကို တောင်းဆိုသွားပါမယ်။ ဒေါ်သန်းနွယ်အောင် (ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် တောင်ကြီး Morning Stars ID Group) မသန်စွမ်းဥပဒေအတိုင်း အမြန်အကောင်အထည် ဖော်စေချင်တယ်။ ပြီးတော့ တီဗွီနဲ့ သတင်းစာတွေမှာ မသန်စွမ်းတွေနဲ့ သက်ဆိုင်တဲ့ စာသားလေးတွေ ပါစေချင်တယ်။ ခု ဆေးလိပ်ကျန်းမာရေးသတိပေးသလိုမျိုးပေါ့။ ဒါက လွယ်ကူပြီး အမြန်ဆုံးပြည်သူတွေဆီ ရောက်နိုင်တယ်လို့ ထင်တယ်။ တောင်ကြီးမှာ နာမည်ကြီးကာတွန်းဆရာတွေ ရောက်နေတော့ တကွက်ကာတွန်းလေးတွေ မသန်စွမ်းတွေအတွက် ဆွဲပေးဖို့ တောင်းဆိုထားတယ်။ ဦးမိုးဇင် (ဥက္ကဋ္ဌ၊ ဥာဏ်ရည်မသန်စွမ်းသူများဖွံ့ဖြိုးရေးဂေဟာ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် အဖွဲ့ဝင်) ချက်ခြင်းတခုထဲ တောင်းဆိုမယ်ဆိုရင် မဖြစ်နိုင်ဘူး။ မသန်စွမ်း ၄ မျိုးစလုံးအတွက် ဘုံအကျိုးစီးပွားဟာ ဘယ်အကြောင်းဖြစ်တယ်ဆိုတာ ဆုံးဖြတ်ချက်ချထားတာ မရှိသေးပါဘူး။ အခု ပြောလျင် မိမိသဘောဆောင်ပါလိမ့်မယ်။ တနိုင်ငံလုံးကိုယ်စားပြု မဟုတ်တဲ့အတွက် အစိုးရကလဲ အားလုံးကိုယ်စားမပြုရင် လက်ခံမယ် မထင်ပါဘူး။ ဦးကျော်ကျော် (အစီအစဉ် ဒါရိုက်တာ၊ မြန်မာနိုင်ငံ နားမကြားသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့) အစိုးရသစ်လက်ထက်မှာတော့ မသန်စွမ်းအဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ အခွင့်အရေး တွေကို ကာကွယ်ပေးထားတဲ့ CRPDနဲ့ မသန်စွမ်းသူအခွင့်အရေးများဥပဒေ အသက်ဝင်လာဖို့နဲ့ လက်တွေ့ အကောင်အထည်ဖော်ကျင့်သုံးလာကြဖို့ နိုင်ငံတော်အစိုးရကို တိုက်တွန်း လာကြလိမ့်မယ်လို့ ထင်ပါတယ်။ စာရွက်ပေါ်မှာသာ မဟုတ်ပဲ လက်တွေ့ ကျင့်သုံးလာကြဖို့ကို အရေးတကြီး တောင်းဆိုလာကြပါလိမ့်မယ်။ ဦးမြတ်ဦး (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း) အစိုးရသစ်ကို ပြောချင်တာက မသန်စွမ်းသူများအတွက် နည်းဥပ​ဒေ အမြန်​ ထွက်​လာ​စေပြီး ရုပ်ရှင်အစည်းအရုံးက ကိုလူမင်း​ပြောသွားသလို တရား​သောဥပ​ဒေ​တွေ အမြန်​ စိုးမိုးပြီး မတရား​သောဥပ​ဒေ​တွေ အမြန်​ဖျက်​သိမ်း​ပေးသင့်​ပါ​ကြောင်းပါပဲ။” (မသန်စွမ်းမှုဆိုသည်မှာ ချို့ယွင်းအားနည်းခြင်းနှင့် အတားအဆီး များကြောင့် အများနည်း တူ မဆောင်ရွက်နိုင်ခြင်းဖြစ်ပါတယ်။ မသန်စွမ်းမှု အမျိုးအစားတွေကတော့ အမြင်အာရုံ ချို့ ယွင်းခြင်း၊ အကြားအာရုံ ချို့ယွင်းခြင်း၊ ကိုယ်အင်္ဂါ မသန်စွမ်းခြင်းနဲ့ အသိဉာဏ် ပိုင်းဆိုင်ရာ မသန်စွမ်းခြင်းတို့ ပါဝင်ပါတယ်။ မြန်မာနိုင်ငံ လူဦးရေရဲ့ (၂ ဒသမ ၃၂) ရာခိုင်နှုန်းဟာ မသန်စွမ်းသူတွေဖြစ်ကြပါတယ်။)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024