ဒေါ်အောင်ဆန်းစုကြည်က လက်ဆောင်ပစ္စည်းလက်ခံခြင်းနှင့်ပတ်သက်၍ လမ်းညွှန်

အဂတိလိုက်စားမှုအလေ့အထကို အချိန်တိုကာလအတွင်း လုံးဝပျောက်သွားစေဖို့အတွက် “လက်ဆောင် ပစ္စည်း လက်ခံခြင်းနှင့်ပတ်သက်သည့် လမ်းညွှန်ချက်” ကို နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုတွေကြောင့် အကျင့်စာရိတ္တပျက်ပြားမှု (corruption) များစွာ ဖြစ်ပေါ်နေပြီး နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်နေ တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီညွှန်ကြားချက်ကို ဗဟိုရုံးတွေ၊ ပြည်ထောင်စု ဝန်ကြီးဌာနတွေနဲ့ ပြည်နယ်/တိုင်း အစိုးရတွေထံကို ဧပြီလ ၁ ရက်(သောကြာနေ့) ရက်စွဲနဲ့ ပေးပို့ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ “အဆိုပါလမ်းညွှန်ချက်၌ လက်ဆောင်ပစ္စည်းတွင် ငွေကြေးနှင့်တန်ဖိုးရှိသည့် ပစ္စည်းအပါအဝင် ရွှေ၊ ငွေ၊ လေယာဉ်လက်မှတ်၊ အခမဲ့တည်းခိုခ၊ အခမဲ့စားသောက်ခ၊ ဧည့်ခံကျွေးမွေးခြင်း၊ ဂေါက်သီးအသင်းဝင်ကြေး စသည်တို့ အကျုံးဝင်ပြီး မိမိရာထူးလုပ်ပိုင်ခွင့်၏ အကျိုးခံစားနိုင်သည့် လုပ်ရပ်တစ်ရပ်ကို လိုလား တောင်းခံသော အဖွဲ့အစည်း/ပုဂ္ဂိုလ်၊ မိမိတာဝန်ယူရသော အဖွဲ့အစည်း၊ ကြီးကြပ်ကွပ်ကဲရသော အဖွဲ့အစည်းနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သော၊ လုပ်ကိုင်ရန်ကြိုးပမ်းနေသော အဖွဲ့အစည်း/လူပုဂ္ဂိုလ်၊ မိမိရာထူးတာဝန်အရ လုပ်ဆောင်ရမည့် ကိစ္စ ရပ်တစ်ခုကို လုပ်ဆောင်ခြင်းကြောင့် အကျိုးခံစားမှုရှိသွားမည့် အဖွဲ့အစည်း/လူပုဂ္ဂိုလ်၊ မိမိရာထူး တာဝန်အရ လုပ် ဆောင်ရမည့် ကိစ္စရပ်တစ်ခုကို လုပ်ဆောင်ခြင်းမပြုသဖြင့် အကျိုးခံစားခွင့်ရှိသွားမည့် အဖွဲ့အစည်း/ လူပုဂ္ဂိလ်များထံမှ လက်ဆောင်ပစ္စည်းများ လက်ခံခြင်းမပြုရန် ပိတ်ပင်တားမြစ်ထားသည်။” “ကျပ်ငွေနှစ်သောင်းခွဲထက် မပိုသော လက်ဆောင်ပစ္စည်း၊ (အဖွဲ့အစည်း တခု/လူပုဂ္ဂိုလ် တစ်ဦးထံမှ လက်ခံ ရယူသည့် လက်ဆောင်ပစ္စည်းသည် တစ်နှစ်လျှင် ကျပ်တစ်သိန်း တန်ဖိုးထက် မပိုစေရ)၊ မိသားစုဆက်ဆံရေး နှင့် ပုဂ္ဂိုလ်ရေးခင်မင်မှုအရ (တားမြစ်ထားသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် အကျုံးမဝင်သူများ)ပေးသော လက်ဆောင်ပစ္စည်း၊ အခါကြီးရက်ကြီးများတွင် ဂါရဝပြုပေးအပ်သည့် ကျပ်ငွေ (တသိန်း) ထက်မပိုသော လက်ဆောင် ပစ္စည်းများကိုသာ ခြွင်းချက်ဖြင့် လက်ခံခွင့်ပြုထားသည်။” “လက်ခံခွင့်မရှိသော လက်ဆောင်ပစ္စည်းများ ပေးအပ်လာပါက ပေးအပ်သော လက်ဆောင် ပစ္စည်းကို ပြန်လည်ပေးအပ်ရန်၊ ပစ္စည်းကိုလက်ခံလိုပါက ကာလပေါက်ဈေးကို ပေးအပ်သူထံ ပြန်လည်ပေးအပ်ရန်၊ ကြာရှည်အထားမခံသော ပစ္စည်းဖြစ်ပါက ဌာနတွင်းဝန်ထမ်းများအား ဖြန့်ဝေပေးရန်လည်း လမ်းညွှန်ထားသည်။” နိုင်ငံခြားအစိုးရက ပေးအပ်သောလက်ဆောင်ပစ္စည်းများအနက် ငွေတန်ဖိုး ကျပ် ၄၀၀၀၀၀/- မပိုသော လက်ဆောင်ပစ္စည်း၊ တရားဝင်ကိစ္စအတွက် ခရီးသွားလာစရိတ်၊ ပညာသင်ဆု၊ ဆေးဝါးကုသစရိတ်များကိုသာ လက်ခံနိုင်ပြီး ထိုအချက်များနှင့် မကိုက်ညီသော်လည်း လက်ဆောင်ကိုငြင်းဆန်ခြင်းဖြင့် နှစ်ဖက်မျက်နှာပျက်ရမည့် ကိစ္စများတွင် လက်ဆောင်ပစ္စည်းကို လက်ခံနိုင်ပြီး ယင်းပစ္စည်းအား ဝန်ကြီးဌာန/ဌာနသို့ ပေးအပ်ရန် ဖြစ်သည်။ အထွေထွေညွှန်ကြားချက်အနေဖြင့် လက်ဆောင်ပစ္စည်းများကို သွယ်ဝိုက်၍သော်လည်းကောင်း၊ တိုက်ရိုက် သော်လည်းကောင်း တောင်းခံခြင်းမပြုရန်၊ မိမိရာထူးတာဝန်လုပ်ဆောင်မှုအပေါ် သြဇာလွှမ်းမိုးစေမည်ဟု ယူဆရသော ကိစ္စရပ်များအတွက် မည်သည့်လက်ဆောင်ပစ္စည်းမှ လက်ခံခြင်း မပြုရန်၊ လက်ခံခွင့်ရှိသော လက်ဆောင်ပစ္စည်းကိုပင် အကြိမ်ကြိမ်လက်ခံခြင်း မပြုရန်၊ လက်ဆောင်ပစ္စည်း ပေးအပ်လာပါက လက်ခံသည်ဖြစ်စေ၊ ငြင်းပယ်သည်ဖြစ်စေ အထက်အကြီးအကဲထံ အမြန်ဆုံးတင်ပြရန်၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအား ပေးအပ် သည့် လက်ဆောင်ပစ္စည်းများကိစ္စကို ဦးစီးရုံးများ၏ ဒုတိယညွန်ကြားရေးမှူးချုပ်များက နိုင်ငံတော်သမ္မတရုံးဝန်ကြီးထံ အမြန်ဆုံးတင်ပြရန်ဟု ပါရှိသည်။” မြန်မာနိုင်ငံဟာ အဂတိလိုက်စားမှုစောင့်ကြည့်ရေးအဖွဲ့မှတ်တမ်းအရ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၄ နိုင်ငံအနက် အဆင့် ၁၇၂ နိုင်ငံမြောက်အထိ နိမ့်ကျဆိုးဝါးခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ၁၇၅ နိုင်ငံအနက် ၁၅၆ နိုင်ငံအထိ ဖြစ်ခဲ့ပြီး အနည်းငယ်တိုးတက်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဦးစားပေးလုပ်ဆောင်မယ်လို့ ကတိပြုထားပြီး  လွှတ်တော်ကိုယ်စားလှယ်တဦးချင်းစီရဲ့ ပိုင်ဆိုင်မှု စာရင်းကို ကောက်ခံရယူထားပါတယ်။

More News
Up