ချင်းတောင်တွင် မြေပြိုသဖြင့် ကျေးလက်နေအိမ်များပျက်စီး
DVB
·
August 17, 2011
ချင်းပြည်နယ်က ကျေးရွာတချို့မှာ မိုးသည်းထန်စွာ ရွာတဲ့အတွက် တောင်တွေ မြေပြိုပြီး ကျေးရွာတချို့က နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။
ချင်းပြည်နယ် တီးတိန်မြို့နယ်က ထန်ကွဲ၊ လိုင်ဘုံ၊ ဆွန်ပီကျေးရွာတွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးသည်းထန်တဲ့အတွက် တောင်စောင်းမှာ ဆောက်ထားတဲ့ လူနေအိမ် ၈၀ ကျော် ပျက်စီးခဲ့တယ်လို့ တီးတိန်မြို့က မြို့ခံတွေက ပြောပါတယ်။
မိုးဆက်ပြီး သည်းနေဦးမယ်ဆိုရင်လည်း အိမ်တွေ ထက်ပြိုနိုင်တယ်လို့ တီးတိန်မြို့ လူမှုရေးလုပ်သားတဦးက ပြောပါတယ်။
“ထန်ကွဲကတော့ မြေပြိုလို့ အိမ်ပါသွားတာ ၁၅ လုံးလောက်ရှိသွားပြီ။ နောက်ထပ်လည်း မိုးထပ်ရွာလိုက်ရင် ပြိုမယ့် အလားအလာ ရှိတယ်။ လိုင်ဘုံကတော့ အိမ်ခြေက ၁၀၀ လောက်ရှိတယ်ပြောတယ်။ အဲဒီထဲက သုံးပုံနှစ်ပုံက အိမ်မရှိတော့ဘူး၊ ဆွန်ပီကတော့ အခုအိမ်ခြေ ၁၆ အိမ်၊ ၂ဝအိမ်လောက် ပါသွားပြီ။ နောက်ထပ် နေလို့ သိပ်စိတ်မချတော့ဘူးလို့ သူတို့အိမ်တွေ ဖြိုလိုက်မယ်ဆိုတဲ့ အိမ်ခြေ ၆၀ လောက်ရှိတယ်။”
မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် သီးနှံစိုက်ခင်းတွေလည်း ပျက်စီးခဲ့တယ်လို့ အဆိုပါ လူမှုရေးလုပ်သားကပဲ ဆက်လက် ပြောဆိုပါတယ်။
“တောင်ယာမှာကျတော့ ပြောင်းဖူးတွေက ယူရမယ့်အချိန်၊ အဲဒါ တောင်ယာလည်း မသွားရဲဘူး။ ဒီတောင်က ဘယ်အချိန်ပြိုမလည်း။ ဒီမြေက ဘယ်အချိန်မှာ ပြိုမလဲပေါ့။ ဂေါ်ဖီစိုက်ခင်းတွေလည်း တဝက်လောက် ပါသွားတယ်။”
အခုချိန်အထိ အိုးအိမ်မဲ့ မိသားစုတွေအတွက် ချင်းပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရက အကူအညီပေးနေတာတွေ မရှိသေးဘူးလို့လည်း အခြား တီးတိန်မြို့ခံတဦးက ပြောပါတယ်။
“ပြည်နယ်ဝန်ကြီးချုပ် လာတယ်ပြောတယ်။ မမြင်လိုက်ရဘူး။ တောင်ပိုင်းက စရိတ်တွေကို မြောက်ပိုင်းမှာ အရင်သုံးမယ်လို့ကြားတယ်။ ဒါပေမယ့် သတင်းထုတ်ပြန်ချက်လည်းမရှိဘူး။ ဘာတွေလုပ်လို့ လုပ်မှန်းလည်း သတင်းမရဘူး။”
ဩဂုတ်လ ၄ ရက်နေ့ကတည်းက ရွာသွန်းခဲ့တဲ့မိုးကြောင့် ချင်းပြည်နယ်ရှိ ကားလမ်းနဲ့ တံတားအတော်များများ ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။