သြစတြီးယား-အီတလီနယ်စပ်တွင် ဆန္ဒပြသူများနှင့် သြစတြီးယားရဲ ရုန်းရင်းဆန်ခတ်ဖြစ် (ရုပ်သံ)

သြစတြီးယားနဲ့ အီတလီနယ်စပ်မှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေနဲ့ သြစတြီးယား အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေ ဧပြီ ၃ ရက်နေ့က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ အီတလီနဲ့နယ်စပ် ဘရန်နာ နယ်စပ်ဖြတ်ကူးရေး ဝင်ပေါက်နားမှာ ဥရောပမြောက်ပိုင်းကို သွားဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ အရေအတွက် တိုးလာနေတာပါ။ နယ်စပ်ပိတ်ထားတဲ့အတွက် ဆန့်ကျင်ဆန္ဒပြတာ ဖြစ်ပါပြီး ဆန္ဒပြသူအများစုက အီတလီ၊ သြစတြီးယားနဲ့ ဂျာမနီနိုင်ငံက လူငယ်တွေပါ။ ဆန္ဒပြသူတချို့က ရဲတွေကို ကျောက်ခဲတွေနဲ့ ပြန်ပစ်ခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်၊ လူတချို့ ဒဏ်ရာရတယ်လို့ သြစတြီးယား အာဏာပိုင်တွေက ပြောပါတယ်။ ဆန္ဒပြသူတွေက နယ်စပ်တွေဖွင့်ပေးဖို့ ဆော်သြထားတဲ့ ပိုစတာတွေ ကိုင်ဆောင်ခဲ့ပြီး လမ်းတလျှောက်မှာလည်း ဒုက္ခသည်တွေကို ဥရောပသမဂ္ဂက ကြိုဆိုတယ်ဆိုတဲ့ စာသားတွေကို ဆေးခြယ် ရေးသားထားခဲ့ပါတယ်။ ဥရောပကိုလာဖို့ ကြိုးစားရင်း ရေနစ်သေဆုံးတဲ့ ရာနဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို သတိရတဲ့အနေနဲ့ ဆန္ဒပြသူတချို့က အသက်ကယ်အင်္ကျီတွေကို ဝတ်ထားကြပါတယ်။ ဥရောပကို ဒုက္ခသည်တွေ စီးဝင်နေတဲ့ အဓိက လမ်းကြောင်းဖြစ်တဲ့ တူရကီ-ဂရိ လမ်းကြောင်းကို ပိတ်ဖို့ ဥရောပသမဂ္ဂနဲ့ တူရကီနိုင်ငံကြား သဘောတူညီချက်က ဧပြီ ၄ ရက်နေ့မှာ စတင်သက်ရောက်မှာပါ။ ဆောင်းရာသီကုန်ဆုံးပြီး ပိုနွေးတဲ့ ရာသီဥတုကြောင့် မြေထဲပင်လယ် အလယ်ပိုင်းက ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ခရီးသွားလမ်းကြောင်း ပြန်အသက်ဝင်လာနေပါတယ်။ မြောက်အာဖရိကကနေ အီတလီနိုင်ငံ စစ္စလီကျွန်းဆီသွားတဲ့ လမ်းကြောင်းမှာ လာမယ့် လတွေအတွင်း ရွှေ့ပြောင်းနေထိုင်သူ ထောင်နဲ့ချီ ရောက်လာဖို့ မျှော်လင့်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up