ထိုင်း လက်ဖက်ရည်ဆိုင်တခုတွင် ဗုံးပစ်ထည့်ပြီး သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ၂ ဦးသေဆုံး

ထိုင်းနိုင်ငံ၊ ရာလခရိုင်တွင်းမှာ ဧပြီ ၁ ရက်နေ့ညပိုင်းက လက်ဖက်ရည်ဆိုင်တဆိုင်ထဲကို လက်နက်ကိုင်လူတစုက ဗုံးပစ်ထည့်ခဲ့ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့လို့ လူ ၂ ဦး သေဆုံးခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြါတယ်။ ဧပြီ ၁ ရက်နေ့ညက ည ၁၀ နာရီလောက်မှာ အနည်းဆုံးလူ ၃ ဦးပါဝင်တဲ့ လက်နက်ကိုင်အ ကြမ်းဖက်သမားအုပ်စုတစုဟာ ပစ်ကပ်ထရပ်ကားတစီးနဲ့အတူ ဆိုင်ရှေ့ကိုရောက်လာခဲ့ပြီး သူတို့ထဲက တဦးက ဆိုင်ထဲကို အမ်-၇၉ လက်ပစ်ဗုံးတလုံးကို ပစ်ထည့်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာ ဆိုင်ထဲမှာ လူ ၁၀ ဦးလောက် လက်ဖက်ရည်သောက်နေကြတာပါ။    ဒါပေမယ့် အဲဒီဗုံးဟာ မပေါက်ကွဲခဲ့တဲ့အတွက် အကြမ်းဖက်သမားတွေဟာ ဆိုင်ထဲကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ကြပြီးမှ ထွက်သွားခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေနဲ့ အသက် ၄၆ နှစ်အရွယ် ဆိုင်ရှင် အဆေးအူမာဆလေးက ပြောပါတယ်။ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ဆိုင်တွင်းမှ အသက် ၄၈ နှစ်အရွယ် အက်ဘ်ဒူကာ လင်းဟာနီရေးနဲ့ အသက် ၅၂ နှစ်အရွယ် ဘူရာဟန်ကာရင်တို့ ပြင်းပြင်းထန်ထန်ထိခိုက် ဒဏ်ရာရရှိပြီး ရာမန်ဆေးရုံကို ပို့ဆောင်ချိန်မှာ သေဆုံးခဲ့တာပါ။ အသက် ၄၈ နှစ်အရွယ် အာဘက်ကာလူမယ်ဟာဝါကတော့ ဘယ်ဘက်ခြေထောက်မှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ရာလခရိုင် ဒုတိယရဲချုပ် ပီယာဝပ် ချာလန်ဆီရိဦးဆောင်တဲ့ ပေါက်ကွဲစေတတ်တဲ့ ရှေ့ပြေးဗုံးရှာဖွေရေးအရာရှိတွေ၊ ရဲတွေနဲ့ စစ်သားတွေပါဝင်တဲ့အဖွဲ့ဟာ ခုမနက်ပိုင်းမှာ အခင်းဖြစ်ခဲ့တဲ့ အဲဒီလမ်းဘေးက လက်ဖက်ရည်ဆိုင်ထဲမှာ စုံစမ်းရှာဖွေမှုတွေလုပ်ခဲ့ကြပြီး မပေါက်ကွဲသေးတဲ့ အမ်-၇၉ ဗုံးတလုံးကို ဖျက်ဆီးနိုင်ခဲ့ကြပါတယ်။ ဆိုင်နေရာအနှံ့ သွေးစသွေးနတွေနဲ့ ပြန့်ကြဲနေပြီး သေနတ်ထိမှန်မှုကြောင့် အပေါက်အပြဲတွေနဲ့အတူ ဆိုင်ကယ် ၃ စီးကိုလည်း ပျက်စီးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ရဲတွေက ဒီတိုက်ခိုက်မှုဟာ အဲဒီဒေသအတွင်း ပုန်ကန်လှုပ်ရှားသူတွေအဖွဲ့ ရမ်ဒါ ကမ်ပျူလန်ကီဆဲလ်(အာရ်ကေကေ)ရဲ့ လက်ချက်ဖြစ်မယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up