Home
မြန်မာသတင်း
စစ်သားအမတ် လေးပုံတပုံ ခန့်အပ်မှု ပယ်ဖျက်ရန် အီးယူတိုက်တွန်း
DVB
·
April 1, 2016
မြန်မာပြည်အနာဂတ်မှာ စစ်မှန်တဲ့ ရွေးကောက်ပွဲတွေဖြစ်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်နေရာ  ၂၅ ရာခိုင်နှုန်းကို ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တာကို ပယ်ဖျက်ရုပ်သိမ်းပေးဖို့  အီးယူ ဥရောပသမဂ္ဂက အကြံပြုတိုက်တွန်းလိုက်ပါတယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ မြန်မာနိုင်ငံကို စေလွှတ်ခဲ့တဲ့ အီးယူရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးမစ်ရှင်အဖွဲ့က မတ် ၂၁ ရက်က ရန်ကုန်မှာ အစီရင်ခံစာထုတ်ပြန် တိုက်တွန်းထားတာပါ။ အီးယူမစ်ရှင်အဖွဲ့ခေါင်းဆောင် ဥရောပလွှတ်တော်ဒုဥက္ကဋ္ဌ အလက်ဇန္ဒားဂရက်ဖ်လမ်းဒေါ့ဖ်က  “ရွေးကောက်ခံအဖွဲ့အစည်းတွေဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲတွေအတွက် သတ်မှတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့အညီ ရွေးကောက်ပွဲရလဒ်ကို ထင်ဟပ်စေရမယ်။ ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်းကို ခန့်အပ်နေရာပေးဖို့ စီမံထားတာဟာ ဒီစံချိန်စံညွှန်းတွေနဲ့ မကိုက်ညီလို့ ပယ်ဖျက်သင့်တယ်”လို့ အီးယူထုတ်ပြန်ချက်မှာပြောပါတယ်။ အီးယူရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့ရဲ့  မြန်မာပြည်ရွေးကောက်ပွဲဆိုင်ရာ အပြီးသတ် အစီရင်ခံစာမှာ  နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေကို အခုထက်ပိုမိုကောင်းမွန်အောင် ကျင်းပပေးနိုင်ဖို့ ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်းကို ပြည်သူက ရွေးကောက်တင်မြှောက်ရ မယ့်အစား စစ်တပ်အကြီးအကဲက ခန့်အပ်တာကို ရုပ်သိမ်းပေးဖို့ အပါအ၀င် အကြံပြုချက်ပေါင်း ၅၀ ကို ဖော်ပြထားပါတယ်။ အကြံပြုချက်တွေထဲမှာ ကြိုတင်မဲပေးစနစ် ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ပေးဖို့၊ မဲစာရင်းတွေကို ကွန်ပျူတာစနစ်နဲ့ဆောင်ရွက်ဖို့၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ စစ်မှန်အမှီအခိုကင်း လွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်ဖို့ စတာတွေပါဝင်ပြီး ဒါမှသာ နောင်လာမယ့် ရွေးကောက်ပွဲတွေကို ပိုမိုယုံကြည်အသိအမှတ်ပြုလာကြမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးလည်း အီးယူလွှတ်တော်ဒုဥက္ကဋ္ဌ လမ်းဒေါ့ဖ်က “ရွေးကောက်ပွဲတွေကို ငြိမ်းငြိမ်းချမ်းချမ်း၊ စနစ်တကျ ကျင်းပပေးနိုင်ခဲ့တာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ခရီးလမ်းအတွက်အရေးကြီးတဲ့ မှတ်တိုင်တရပ်ဖြစ်တယ်။ ဒီအတွက် မြန်မာနိုင်ငံသူ နိုင်ငံသားတွေနဲ့ သမိုင်းဝင် အောင်မြင်မှုတရပ် ဖြစ်တဲ့ရွေးကောက်ပွဲကို အောင်မြင်အောင် ကျင်းပပေးနိုင်ခဲ့သူတွေ အားလုံးကို ဂုဏ်ပြုတယ်”လို့ ပြောပါတယ်။ အီးယူရွေးကောက်ပွဲစောင့်ကြည့်အဖွဲဟာ  မြန်မာနိုင်ငံနိုင်ငံမှာ ရွေးကောက်ပွဲမတိုင်ခင် ၂၀၁၅ ခုနှစ် စက်တင်ဘာကနေ ရွေးကောက်ပွဲအပြီး  ၂၀၁၆ ဖေဖော်ဝါရီအထိ ဘက်ပေါင်းစုံက စောင့်ကြည့်လေ့လာပြီး အစီရင်ခံခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024