ဆယ်ကျော်သက်မိန်းကလေးကို ပြန်ပေးဆွဲသူ ဂျပန်ကျောင်းသား ဖမ်းဆီးခံရ

ပြန်ပေးဆွဲခံရသည့် ဆယ်ကျော်သက်မိန်းကလေး။ (ဓာတ်ပုံ - firsttoknow.com)
ဂျပန်ရဲတွေက အသက် ၂၃ နှစ်အရွယ် ကောလိပ်ကျောင်းသားတဦးကို မတ် ၃၁ ရက်နေ့က တရားဝင် ဖမ်းဆီးလိုက်ပါတယ်။ ဆယ်ကျော်သက် မိန်းကလေးတယောက်ကို ပြန်ပေးဆွဲပြီး ၂ နှစ်လောက် ပိတ်လှောင်ထားခဲ့မှုနဲ့ တရားစွဲခဲ့တာပါ။ အခုအဖမ်းခံရသူ တဲရဥချိကို တိုကျိုမြို့အနောက်ပိုင်း အစ်တိုမြို့မှာ လည်ပင်း သွေးထွက်နေတဲ့ ဒဏ်ရာနဲ့ တွေ့ခဲ့လို့ ကုသဖို့ ဆေးရုံကို ခေါ်သွားခဲ့ရပါတယ်။ ရဲက သူ့ကို စစ်မေးရာမှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ပြန်ပေးဆွဲထားခဲ့တဲ့ မိန်းကလေး လွတ်မြောက်သွားပြီဆိုတာ မီဒီယာသတင်းတွေမှာ တွေ့ရအပြီး သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားခဲ့တာလို့ ဖြောင့်ချက်ပေးခဲ့ပါတယ်။ အခုအချိန်မှာ အသက် ၁၅ နှစ်ရှိပြီဖြစ်တဲ့ မိန်းကလေးဟာ တိုကျိုမြောက်ပိုင်း အစခမြို့ ကျောင်းကနေ အိမ်အပြန်လမ်းမှာ ပြန်ပေးဆွဲခံခဲ့ရတာလို့ မီဒီယာက ပြောပါတယ်။ အဖမ်းခံရသူဟာ မိန်းကလေးကို သူ့အိမ်မှာ ၂ နှစ်လောက် ပိတ်လှောင်ထားခဲ့ပြီး အကြိမ်ရေ အတော်များများလည်း အိမ်ပြောင်းခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ လကတော့ တိုကျိုမြို့အနောက်ပိုင်း နာခနိုခရိုင်ကို ပြောင်းခဲ့တာပါ။ သူ အိမ်တံခါးကို သော့မခတ်ဘဲ တိုက်ခန်းကနေ ထွက်သွားချိန်မှာ မိန်းကလေးက လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အနီးဆုံး အများပြည်သူသုံးဖုန်းကို ရှာတွေ့ခဲ့ပြီး သူ့အမေနဲ့ ရဲဆီကို ဖုန်းခေါ်ခဲ့တယ်လို့ ဂျပန်မီဒီယာတွေက ဆိုပါတယ်။ မိန်းကလေး ပိတ်လှောင်ခံထားရတဲ့ နေရာနားမှာ နေကြတဲ့ ဒေသခံတွေကတော့ သူတို့ရပ်ကွက်ထဲ ဘာဖြစ်နေလဲဆိုတာ သိအပြီး ထိတ်လန့်ခဲ့ကြပါတယ်။ သံသယရှိသူ တဲရဥချိကို ရဲဗဟိုဌာနချုပ်ကို ခေါ်လာခဲ့ပြီး တရားရုံးတင် စစ်ဆေးတာ မလုပ်ခင် နောက်ထပ် စစ်မေးဦးမှာပါ။ သူ့ကို ကလေးသူငယ် ပြန်ပေးဆွဲမှုနဲ့ တရားဝင် စွဲချက်တင်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up