မိခင်အား အဓမ္မပြုကျင့်၊ ခြိမ်းခြောက်ခဲ့သည့် သားဖြစ်သူကို ဖမ်းဆီး

မိခင်အား အဓမ္မပြုကျင့်ခဲ့သူ(၀ဲ) ကို ရဲအရာရှိတဦး စစ်ဆေးနေစဉ်။ (ဓာတ်ပုံ - Methee Muangkaew)
3.5K
ထိုင်းနိုင်ငံ၊ ဟွိုင်ယော့တ်ခရိုင်ထဲက နေအိမ်မှာ မိခင်ကို အဓမ္မပြုကျင့်ခဲ့ပြီး ခြိမ်းခြောက်ခဲ့သူ အမျိုးသားတဦးကို ရဲတွေက ဆီအုန်းစိုက်ခင်းတခုထဲမှာ မတ်လ ၃၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။
အသက် ၄၇ နှစ်အရွယ် အန်နူချာ ခွန်ပီချိုင် အမည်ရ အဲဒီအမျိုးသားဟာ ရာဘာစိုက်ခင်း အလုပ်သမားတဦးဖြစ်ပြီး စိုက်ခင်းအနီး အိမ်မှာ စတိုးဆိုင်ဖွင့်ထားကာ မိခင်နဲ့အတူ နေထိုင်ကြတာပါ။
ရဲတွေက စစ်မေးခဲ့ချိန်မှာတော့ အန်နူချာက စွဲချက်တွေအားလုံးကို အပြစ်ကင်းတဲ့ မျက်နှာပေးနဲ့ ဘာမှမသိဘူးလို့ ပြောခဲ့ပါတယ်။
မိခင်ဖြစ်သူ လအွန်ခွန်ပွန်ဟာ အသက် ၆၂ နှစ်အရွယ်ရှိနေပြီး မနေ့က မနက် ၄ နာရီလောက်မှာ သားဖြစ်သူက စတိုးဆိုင်ထဲမှာ အဓမ္မပြုကျင့်ခဲ့ပြီး ဘယ်သူ့ကိုမှမပြောဖို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
မနက်ခင်း ဈေးဝယ် ၂ ဦး ထွက်သွားအပြီးမှာ သားဖြစ်သူဟာ ဒယီးဒယိုင်နဲ့ ဆိုင်ဝကို ရောက်လာခဲ့ကာ သူ့ကို အိပ်ခန်းတွင်းဆွဲခေါ် အဓမ္မပြုကျင့်ခဲ့တယ်လို့ ပြောပါတယ်။
သူဟာ အော်ဟစ် အကူအညီတောင်းခဲ့ပေမယ့် အိမ်ထဲမှာ သူတို့ ၂ ဦးတည်း ရှိနေခဲ့တဲ့အတွက် ဘယ်သူမှ မကြားနိုင်ခဲ့ပါဘူး။
အန်နူချာက ဆက်ပြီးအော်နေမယ်ဆိုရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ချိန်မှာ အခန်းတွင်း သေနတ်နဲ့ ဓားတွေရှိတာမို့ အသက်အန္တရာယ်ကို စိုးကြောက်ခဲ့ရတယ်လို့ အဖွားအို လအွန်က ဆိုပါတယ်။
အန်နူချာဟာ အရက်သေစာသောက်ပြီးရင် စိတ်တွေပြောင်းလဲလာတတ်တယ်လို့ သူက ပြောပါတယ်။
သူ့မှာ အရင်ကလည်း မိန်းမ ၂ ယောက်ရှိခဲ့ပြီး ခုချိန်မှာတော့ အားလုံးထားသွားခဲ့ကြပြီလို့ ဆိုပါတယ်။
အန်နူချာဟာ ပြစ်မှုကျူးလွန်ခဲ့ပြီးချိန်မှာ ဆီအုန်းစိုက်ခင်းတွင်း ရှောင်နေခဲ့ချိန်မှာ ရဲတွေက ဖမ်းမိခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ သူ့ကို ဖမ်းဆီးထိန်းသိမ်းထားကာ မိခင်ဖြစ်သူကို လိုအပ်တဲ့ ဆေးစစ်မှတ်တမ်းရယူတာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။