ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ ကျန်းမာရေးစောင့်ရှောက်ခွင့်မရ
DVB
·
August 16, 2011
ယာယီနိုင်ငံကူးလက်မှတ်နဲ့ ထိုင်းအလုပ်သမားမှတ်ပုံတင်ကိုင်ဆောင်ထားသူ မြန်မာအလုပ်သမားတဦး ကျန်းမာရေးစောင့်ရှောက်ခွင့် အာမခံချက်မရှိတဲ့အတွက် ဆေးမကုသနိုင်ဘဲ သေဆုံးခဲ့ရပါတယ်။
ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်း ငါးသေတ္တာအလုပ်ရုံမှာ အလုပ်လုပ်တဲ့ ယာယီနိုင်ငံကူးလက်မှတ်နဲ့ ထိုင်းအလုပ်သမားမှတ်ပုံတင် ကိုင်ဆောင်ထားသူ မြန်မာအလုပ်သမား ကိုထူးဝင်းကိုဟာ ဆေးဝါးကုသခ ဘတ်နှစ်သိန်းကျော် မရှိတဲ့အပြင် အလုပ်ရှင်က သူ့အတွက် ကျန်းမာရေး အာမခံချက် မလုပ်ပေးထားတဲ့ အတွက် ဆေးဝါးကုသမှု မခံယူနိုင်ဘဲ သေဆုံးခဲ့တာဖြစ်ပါတယ်။
အခုလို မသေသင့်ဘဲ သေဆုံးစေခဲ့ရတဲ့အတွက် လက်ရှိ ထိုင်းအလုပ်သမား ကျန်းမာရေး အာမခံအကြောင်းနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးနဲ့ဖွံ့ ဖြိုးရေးဖောင်ဒေးရှင်း HRDF မှ မြန်မာအလုပ်သမားရေးရာ တာဝန်ရှိသူတဦးဖြစ်တဲ့ မဇာက အခုလို ပြောပါတယ်။
“ကျန်းမာရေး လူမှုရေးအာမခံ (ပကန်စန်းခုန်) ဆိုတာ အလုပ်သမားက သွားပြီးတင်သွင်းလို့ မရဘူး။ သူဌေးကနေ ခေါ်သွားပြီး သွင်းမှရတယ်။ သူဌေးသွားမသွင်းတော့ ကိုယ်ကလည်း ဘာမှမပြောရဲဘူး။ ပကန်စန်းခုန် ရှိရင် သူဌေး ၅ ရာခိုင်နှုန်း၊ အလုပ်သမား ၅ ရာခိုင်နှုန်း၊ အစိုးရက ၂.၇ ရာခိုင်နှုန်း၊ ထုတ်ရမယ်ဆိုတော့ သူဌေးအနေနဲ့က မထုတ်ပေးချင်ဘူး။ ဒါပေမယ့် ပကန်စန်းခုန် ရဲ့ တာဝန်က ဒီပတ်စပို့ရထားပြီးသား အလုပ်သမား ဘယ်နှယောက်ရှိတယ်ဆိုတာ သူတို့စစ်ဆေးရမယ်။ သူတို့အပိုင်း။"
ယာယီနိုင်ငံကူးလက်မှတ်တွေ ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမားတွေကို ပြီးခဲ့တဲ့ဇွန်လနဲ့ ဇူလိုင်လတွေအတွင်း ထိုင်းက တရားဝင်အလုပ်သမားမှတ်ပုံတင်ထုတ်ပေးခဲ့တာပါ။
အဲဒီ စနစ်သစ်မှာ အလုပ်သမားတွေရဲ့ ကျန်းမာရေးအာမခံမှတ်ပုံတင်ကို အလုပ်သမိာ်ုးယ်တိုင် တိုက်ရိုက်သွားလုပ်လို့မရတော့ဘဲ အလုပ်ရှင်တွေကသာ ကိုယ်စားသွား လုပ်ပေးရမှာဖြစ်တဲ့အတွက် အလုပ်ရှင်အတော်များများ သွားရောက် လုပ်ပေးတာ မရှိကြပါဘူး။
ဒီအတွက် ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားပြီး ထိုင်းအလုပ်သမားမှတ်ပုံတင်လည်း ရှိတဲ့ မြန်မာအလုပ်သမားတွေဟာ ကျန်းမာရေးစောင့်ရှောက်ခွင့်ကို မရရှိကြတာ ဖြစ်ပါတယ်။
အရင်စနစ်အရ ပန်းရောင်အလုပ်သမားကတ်ပြား ကိုင်ဆောင်ထားသူဟာ ကျန်းမာရေးအာမခံ ၁၉၀၀ ဘတ်သာပေးဆောင်ရပြီး ကျန်းမာရေးကုသခွင့် လိုအပ်သလောက် ရရှိခဲ့ကြပါသည်။
လက်ရှိ အလုပ်သမား ကျန်းမာရေးအာမခံ စနစ်သစ်ကို ပြုပြင်ပြောင်းလဲရန့် ထိုင်းနိုင်ငံမှာရှိတဲ့ ပြည်တွင်းနဲ့နိုင်ငံကာအလုပ်သမားအဖွဲ့အစည်းကြီးတွေက သက်ဆိုင်ရာ အစိုးရအာဏာပိုင်အဖွဲ့အစည်းတွေကို ဖိအားပေးတောင်း ဆိုနေကြတယ်လို့လည်း သိရှိရပါတယ်။