၂၂၅ ပေါင် အလေးမတုံးကို မပြသည့် အသက် ၇၈ နှစ်အရွယ် အာဂအဘွားအို (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ အီလီနွိုက်စ်ပြည်နယ်မှ အသက် ၇၈ နှစ်အရွယ်အဘွားအိုတဦးဟာ အလေးချိန် ၂၂၅ ပေါင်ရှိတဲ့ အလေးမတုံးကို အံ့သြဖွယ်မပြနိုင်ခဲ့ပြီးနောက်မှာတော့ အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားလာခဲ့ပါတယ်။ အရှေ့အယ်လ်တန်ရွာမှာနေထိုင်တဲ့ အဘွားအို ရှာလေ၀က်ဘ်ဟာ ၂၀၁၄ ခုနှစ်၊ ဧပြီလမှာ မြေးဖြစ်သူရဲ့တိုက်တွန်းမှုကြောင့် အားကစားလေ့ကျင့်ရေးခန်းမတခုမှာ စတင်ကစားခဲ့တယ်လို့ ယူပီအိုင်သတင်းမှာ ဖော်ပြပါတယ်။ အဲဒါဟာ သူ့ရဲ့ဘ၀မှာ ပထမဆုံး အလေးမကစားတာဖြစ်တယ်လို့ ဆိုပါတယ်။ အဘွားအိုဝက်ဘ်က အားကစားခန်းမက နည်းပြဟာ မကြာခင်မှာပဲ သူ့မှာ အလေးမနိုင်တဲ့ စွမ်းရည်ရှိနေတာကို သိရှိခဲ့တယ်လို့ ဆိုပါတယ်။ “ကျမရဲ့ အားကစားနည်းပြက ကျမရဲ့ သန်စွမ်းမှုကို သိပြီးတဲ့နောက်မှာ သူဟာ အလေးချိန်တွေ ထပ်တိုးလေ့ကျင့်ပေးခဲ့တယ်” လို့ Today.com သတင်းကို ၀က်ဘ်က ဖြေခဲ့တာပါ။ အဘွားအိုဝက်ဘ်ဟာ ခုချိန်မှာတော့ အီလီနွိုက်စ်ပြည်နယ်နဲ့ မစ်ဆူအီပြည်နယ်တွေမှာ သူ့ရဲ့သက်တမ်းအလိုက် အလေးမနိုင်မှုစံချိန်ကို တင်ထားနိုင်ခဲ့ပြီလို့ ဆိုပါတယ်။ လာမယ့်ဇွန်လမှာ ကျင်းပမယ့် အလေးမပြိုင်ပွဲမှာတော့ အလေးချိန် ၂၆၀ ကို မပြနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သူက ပြောပါတယ်။ အမေရိကန်နာမည်ကျော် NFL ဘောလုံးသမား ဂျေဂျေဝပ်တ်ကလည်း တွစ်တာအင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် အဘွားအိုဝက်ဘ်ကို အားပေးချီးကျူး ခဲ့ပါတယ်။

More News
Up