Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း လွှတ်တော်တင်
ရွှေအောင်
·
March 31, 2016
ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တင်မြှောက်ဖို့ ရည်ရွယ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို ဒီနေ့ကျင်းပတဲ့ အမျိုးသား လွှတ်တော်မှာ စတင်တင်သွင်းလိုက်ပါတယ်။ အဲ့ဒီဥပဒေကြမ်းကို လွှတ်တော်ဥပဒေကြမ်းကော်မတီဝင် ဦးအောင်ကြည်ညွန့်က တင်သွင်းခဲ့တာလို့ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဘမျိုးသိန်းက ပြောပါတယ်။ “အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီဝင်တဦးဖြစ်တဲ့ ဦးအောင်ကြည်ညွန့်က တင်သွင်း တာပါ။ အဆိုတင်သွင်းတဲ့ ဦးအောင်ကြည်ညွန့် ဖတ်ပြတဲ့အထဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ပေးမယ်ဆိုတာ ပါပါတယ်။” ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတည်ဆောက်ဖို့နဲ့ ပြည်သူတွေ လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို အခိုင်အမာတည်ဆောင်နိုင်ဖို့ ရည်ရွယ်တယ်လို့ လည်းဥပဒေကြမ်းမှာဖော်ပြထားပါတယ်။ အဆိုနဲ့ပတ်သက်လို့ ဆွေးနွေးလိုသူတွေကို ဖိတ်ခေါ်ထားပြီး မနက်ဖြန်ကျင်းပမယ့် အမျိုးသားလွှတ်တော်မှာ ဆွေးနွေးအတည်ပြုဖို့ရှိတယ်လို့လည်း ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းရဲ့ အထွေထွေအခန်းမှာ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ သက်တမ်းဟာ သမ္မတရဲ့ ရာထူးသက်တမ်းအတိုင်းဖြစ်ပြီး ဒီဥပဒေဟာ အခု ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကာလမှာ တာဝန်ထမ်းဆောင်တဲ့ သမ္မတသက်တမ်းကာလအတွက်ပဲ ဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။ သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့်ကတော့ ဒီ ဥပဒေဟာ အခြေခံဥပဒေနဲ့ ညီ/မညီ ကြည့်ပြီး လုပ်ကြဖို့ မှတ်ချက်ပေးပါတယ်။ “အင်မတန်အရေးကြီးတဲ့ ဥပဒေကြီးတရပ်ဟာ အခြေခံဥပဒေနဲ့ ညီ/မညီ၊ ပြီးတော့ ပေါ်ပေါက်လာမယ့် အကျိုးသက်ရောက်မှုတွေ ဘက်စုံထည့်မစဉ်းစားဘဲနဲ့ နိုင်ငံရေးအရ ဖြစ်ချင်တာတခုတည်းကိုသာ ဦးတည်စဉ်းစားမယ်ဆိုရင်တော့ ဗမာပြည်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ကျနော်တို့ ဖြစ်စေချင်တဲ့ ပုံစံမျိုးကနေ လမ်းချော်နိုင်တယ်ဆိုတာကိုတော့ သတိပေးပါရစေ။” နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ဆွေးနွေးအတည်ပြု ပြီးရင် ပြည်သူ့လွှတ်တော်ကို ဆက်လက်ပေးပို့ရမှာဖြစ်ပါတယ်။ လွှတ်တော်နှစ်ရပ်စလုံးက ဆွေးနွေးအတည်ပြုပြီးရင်တော့ ပြည်ထောင်စုလွှတ်တော်တင်ပြီး ဥပဒေကို အတည်ပြုရမှာပါ။ ဒီဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ရင်တော့ အန်အယ်လ်ဒီအစိုးရ သက်တမ်း ၅ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ့ဦးသျှောင်နေရာကနေ နိုင်ငံကို ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024