၉ နှစ်သမီးကို လမ်းမပေါ်တွင် ပထွေးက လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုကျင့်

1.8K
ထိုင်းနိုင်ငံတောင်ပိုင်း၊ ပတ္တယားကမ်းခြေမြို့ လမ်းမပေါ်မှာ မတ်လ ၂၉ ရက်နေ့က ၉ နှစ်အရွယ်သမီးငယ်ကို ပထွေးက လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုကျင့်မှု ဖြစ်ခဲ့တယ်လို့ ပတ္တယားဝမ်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အဲဒီနေ့ နေ့လယ်ပိုင်း ၁ နာရီခွဲလောက်မှာ ဒေသတွင်း ရဲအရာရှိ ချိုနာပတ်နာဝ လတ်ခ်ဟာ အမှတ် ၇ အဝေးပြေးလမ်းမပေါ် ကင်းလှည့်ချိန် လမ်းဘေးထိုးရပ်ထားတဲ့ ပစ်ကပ်ကားတစီးကို မသင်္ကာလို့ စစ်ဆေးကြည့်ချိန်မှာ တွေ့ရှိခဲ့ရတာပါ။
သူဟာ မသင်္ကာလို့ ဆိုင်ကယ်ကို ရပ်ခဲ့ကာ ကားအနီး တွားသွားခဲ့ချိန်မှာ အရွယ်ရောက်ပြီး အမျိုးသားတဦးက ကလေးငယ်ကို မဖွယ်မရာ ပြုကျင့်နေတာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
မှန်တံခါးကို ထုရိုက်ပြီး စစ်ဆေးမေးမြန်းခဲ့ချိန်မှာ အဲဒီအမျိုးသားဟာ အသက် ၄၄ နှစ်အရွယ် ၀မ်ချိုင်အမည်ရ အမျိုးသားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ကလေးငယ်ရဲ့ မွေးစားဖခင်ဖြစ်ကြောင်း ၀န်ခံထွက်ဆိုခဲ့တာပါ။
သူဟာ ပတ္တယားတောင်ပိုင်းဈေးကို သစ်သီးဝယ်ဖို့ ခေါ်ဆောင်လာခဲ့ပြီး အပြန်မှာ သမီးငယ် ခွန်းအေး (အမည်လွှဲပြောင်း) ကို ဆွဲဆောင်ဖြားယောင်းခဲ့တယ်လို့ ဆိုပါတယ်။
ရဲစခန်းကို ရောက်ခဲ့ချိန်မှာတော့ ကလေးငယ်ကို မိခင်ဖြစ်သူနဲ့ ဆက်သွယ်ပြီး ဆုံတွေ့စေခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
မိခင်ဖြစ်သူက သတင်းထောက်တွေကို ပြောရာမှာ သူဟာ ၀မ်ချိုင်နဲ့ လွန်ခဲ့တဲ့ လေးနှစ်လောက်က လက်ထပ်ခဲ့တာဖြစ်ပြီး သူ့ဘက်ကပါလာတဲ့ ခွန်းအေးကို သမီးရင်းအဖြစ် အမြဲတမ်းဆက်ဆံခဲ့တယ်လို့ ပြောပါတယ်။
ခုလိုဖြစ်ရတဲ့အတွက် သူ့အနေနဲ့ စိတ်မကောင်း ၀မ်းနည်းမိပြီး ၀မ်ချိုင်ကို ဥပဒေအရ အရေးယူပေးစေလိုတယ်လို့ ဆိုပါတယ်။
ဝမ်ချိုင်ဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်ကို အများပြည်သူနဲ့ဆိုင်တဲ့ နေရာမှာ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုကျင့်မှုအတွက် ပြစ်ဒဏ်ကျခံရမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။