ကာမရာဂနှိုးဆွဲသည့် ကားအရောင်းသရုပ်ပြပွဲ ထိုင်းဝန်ကြီးချုပ် သတိပေး (ရုပ်သံ)
Published By
DVB | 31 March, 2016
6.5K
0
Share
0
Comment
0
Likes
ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်းအိုချာက ကားအရောင်းမြှင့်တင်ရေးပွဲတွေမှာ တင်ဆက်ပြသနေတဲ့ ကာမရာဂနှိုးဆွတဲ့ သရုပ်ဖော်ပြကွက်တွေနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် အရေးယူစေလိုကြောင်း ရဲဌာနတွေနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကို မတ်လ ၃၀ ရက်နေ့က သတိပေးပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ဘန်ကောက်အပြည်ပြည်ဆိုင်ရာ ကားပြပွဲမှာ အမျိုးသမီးနဲ့ အမျိုးသား မော်ဒယ်နှစ်ဦးရဲ့ ကာမရာဂနှိုးဆွတဲ့၊ ရိုင်းပြတဲ့ တင်ဆက်မှု ရုပ်သံဗွီဒီယိုဖိုင်အပေါ် ကြည့်ရှုသူတွေရဲ့ ဝေဖန်ချက်တွေ ထွက်ပေါ်အပြီး ၀န်ကြီးချုပ်က ခုလို တုံ့ပြန်လိုက်တာပါ။
“ဒါက လူတဦးတယောက်ချင်းစီရဲ့ အသိတရားဆိုင်ရာကိစ္စပါ။ စိတ်ဓာတ်ပျက်ပြားပြီး ငွေအတွက် ဒီလိုလုပ်တဲ့ အမျိုးသမီးကို ဘယ်တော့မှ (အများပြည်သူရှေ့မှာ) ထပ်မလုပ်ဖို့ လူတိုင်းတောင်းဆိုသင့်တာပဲ” လို့ ပရာရွတ်က ပြောပါတယ်။
အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ လာဒါဖာရက်ခ်ျတာအမွန်ချော့ အမည်ရ အမျိုးသမီးဟာ ရေကူးဘီကီနီဝတ်စုံကို မလုံ့တလုံ ၀တ်ဆင်ထားပြီး အဖီဆစ်ဆေအောင်း အမည်ရတဲ့ အမျိုးသားနဲ့အတူ သရုပ်ပြတင်ဆက်ခဲ့တာပါ။
သူတို့ ၂ ဦးကို ကားကုမ္ပဏီတခုက ပြပွဲကာလအတွင်းမှာ သရုပ်ပြတင်ဆက်ဖို့ ငှားရမ်းခဲ့တာဖြစ်ပြီး ပြကွက်တွေထဲ အဖီဆစ်က အင်္ကျီကို ချွတ်ခဲ့ချိန်မှာ လာဒါဖာက ညည်းညူသံတွေ ထွက်ပေါ်ကာ ကာမရာဂနှိုးဆွမှု ဖြစ်စေတဲ့ ပြကွက်တွေ ပါဝင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
သူတို့ ၂ ဦးကို အဲဒီအပြုအမူအတွက် ဘတ်ငွေ ၁၅၀၀ စီ ဒဏ်ကြေးချမှတ်ခဲ့ကာ သူတို့နဲ့အတူ အသံပိုင်းဆိုင်ရာ ထိန်းချုပ်သရုပ်ပြခဲ့သူ ပလာနာရာပလိန်းကင်ကိုလည်း ဒဏ်ကြေးဆောင်စေခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသမီးမော်ဒယ် လာဒါဖာက ဒီဗွီဒီယိုဖိုင်မှာ ပါဝင်ခဲ့တဲ့အတွက် သူ့အနေနဲ့ နောင်တမရမိပေမယ့် ကြည့်ရှုတဲ့ ပြည်သူတွေအတွက် မသင့်တော်တဲ့ ပြကွက်တွေ ပါဝင်သွားခဲ့လို့ တောင်းပန်ခဲ့တာပါ။
ထိုင်းယဉ်ကျေးမှုဝန်ကြီး ဗီရာရော့ဂ်ျပေါ့ဂ်ျချန်နာရက်က ၀န်ကြီးဌာနအနေနဲ့ အရင်ကလည်း မလုံ့တလုံ ၀တ်စားဆင်ယင်ပြီး ကာမရာဂနှိုးဆော်တဲ့ သရုပ်ပြမှုတွေနဲ့ ပတ်သက်ပြီး တိုင်ကြားစာတွေ ရဖူးတယ်လို့ ပြောပါတယ်။
ခုနောက်ဆုံးထွက်ပေါ်ခဲ့တဲ့ အဖြစ်အပျက်နောက်မှာတော့ ၀န်ကြီးဌာနအနေနဲ့ ယဉ်ကျေးမှုဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့တဖွဲ့ ဖွဲ့စည်းပြီး ကားပြပွဲစီစဉ်သူ Grand Prix အပြည်ပြည်ဆိုင်ရာကုမ္ပဏီကို အဲဒီမှာ ငှားရမ်းအသုံးပြုမယ့် မော်ဒယ်တွေရဲ့ မလုံ့တလုံ ၀တ်စားဆင်ယင်ပြီး လိင်ဆွဲဆောင်စေတဲ့ သရုပ်ပြမှုတွေကို လျှော့ချနိုင်ဖို့ ပြောခဲ့တယ်လို့ ဗီရာက ပြောပါတယ်။