ကျွဲနွားရောင်းချမှု ပိတ်ပင်သည့်အတွက် အိန္ဒိယလယ်သမားများ ဒုက္ခတွေ့

ဓာတ်ပုံ - ရိုက်တာ
အိန္ဒိယနိုင်ငံရဲ့ အချမ်းသာဆုံးပြည်နယ်ဖြစ်တဲ့ မဟာရတ်ရှ်တျာပြည်နယ်မှာ ကျွဲနွားတွေ သားသတ်ရုံကို ရောင်းချမှု ပိတ်ပင်ထားလို့ မိုးခေါင်မှုကို ရင်ဆိုင်နေရတဲ့ သန်းနဲ့ချီတဲ့ လယ်သမားတွေ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲမယ့်ဘေး ခြိမ်းခြောက်တာ ခံနေရပါတယ်။ ကျေးလက်ဒေသတွေမှာ ဖိစီးမှုတွေ တိုးလာနေပြီး ဝန်ကြီးချုပ်ရဲ့ လက်ရှိ အာဏာရပါတီအပေါ် မကျေနပ်မှုတွေ တိုးလာနေပါတယ်။ အိန္ဒိယရဲ့ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းကနေ ၁၂၄ မိုင်ဝေးတဲ့ ဘာလီရွာက အပတ်စဉ် နွားဈေးကို ရာနဲ့ချီတဲ့ လယ်သမားတွေ အပတ်တိုင်းလာပြီး နွားအရောင်းအဝယ် လုပ်နေကြပါတယ်။ ခုတော့ လူနည်းနည်းကသာ ဝယ်နိုင်ကြတယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။ မိုးခေါင်မှုကြောင့် နွားတွေကို တဝက်ဈေးနဲ့ ပြန်ရောင်းတာတောင် ဝယ်သူမရှိဘူး၊ အစိုးရက ဒီပိတ်ပင်မှုကို ဖယ်ရှားဖို့လိုတယ်လို့ နွားရောင်းသူတဦးက ပြောပါတယ်။ ဟိန္ဒူဘာသာအရ မြင့်မြတ်တယ်လို့ ယူဆတဲ့ နွားတွေ သတ်ဖြတ်တာကို အိန္ဒိယနိုင်ငံအတွင်း ပြည်နယ်အများစုက တားမြစ် ပိတ်ပင်ထားပါတယ်။ ဒါပေမယ့် အမှန်တကယ် ဥပဒေ အာဏာသက်ရောက်မှု မရှိလို့ အိန္ဒိယဟာ ကမ္ဘာ့ အမဲသား အများဆုံးတင်ပို့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ အခုတော့ ဘရာဇီးက ကမ္ဘာ့အမဲသားဈေးကွက်ကို ရလာခဲ့လို့ မနှစ်က ဒုတိယနှစ်ဝက်အတွင်း အိန္ဒိယရဲ့ အသားတင်ပို့မှု ၁၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ မိုးခေါင်မှုနဲ့ အခါမဟုတ် မိုးရွာမှုဒဏ်ကို ခံရတဲ့ သန်းနဲ့ချီတဲ့ လယ်သမားတွေဟာ သူတို့ ကျွဲနွားတွေကို မကျွေးနိုင်တော့လို့ ပြန်ရောင်းဖို့ ကြိုးစားနေကြပါတယ်။ အိန္ဒိယလူဦးရေ ၁ ဒသမ ၃ဘီလျံရဲ့ အများစုက ကျေးလက်မှာ နေထိုင်ပါတယ်။ အရင်လကထုတ်ပြန်တဲ့ ပြည်ထောင်စု ရသုံးမှန်းခြေ ငွေစာရင်းမှာ အစိုးရက ကျေးလက် ဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ ၁၃ ဘီလျံနီးပါး ကတိပြုထားပါတယ်။ ၂၀၂၂ မှာ လယ်သမားတွေရဲ့ ဝင်ငွေ ၂ ဆတိုးဖို့လည်း ရည်မှန်းထားပါတယ်။

More News
Up