Home
မြန်မာသတင်း
နမ္မတူမြစ်ပေါ်ဆောက်မည့် ရေကာတာစီမံကိန်းရပ်တံ့ရန် တောင်းဆို
နန်းမြနဒီ
·
March 30, 2016
ရှမ်းပြည်မြောက်ပိုင်းတွင်း စီးဆင်းနေတဲ့ နမ္မတူမြစ်ပေါ်က ရေကာတာစီမံကိန်းတွေ ရပ်ဆိုင်းဖို့  ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။ နမ္မတူမြစ်ပေါ်က အထက်ရဲရွာ ရေကာတာအပါအ၀င် အခြားသော ရေကာတာသစ် ၄ ခု တည်ဆောက်တာကြောင့် အနီးနားတ၀ိုက်ရှိ ရွာတွေရေလွှမ်းပြီး ရွာသားတွေရဲ့ လူနှေုမှုဘ၀ကို ထိခိုက်စေတယ်လို့  တာလုံကျေးရွာမှ ဒေသခံရွာသူ နန်းလောဝ်ခမ်းက ဒီဗွီဘီကို ပြောပါတယ်။ “အထက်ရဲရွာ ရေကာတာကို သူတို့လာဆောက်ပြီးတဲ့နောက် ကျမတို့ဆီမှာ ရေကြီးရေလျှံတာ ပိုဆိုးလာတယ်။ မိုးတခါပဲ ရွာတာတောင် ရေကြီးတယ်။ မနှစ်ကဆို သီပေါမြို့ဝင်တံတား ကျိုးသွားသေးတယ်လေ၊ နမ္မတူမြစ်ပေါ်မှာ နောက်ထပ်ရေကာတာသစ်တွေ လည်း ဆောက်ဦးမယ်။ ဒါဆို ကျမတို့ရွာ ရေလွှမ်းသွားမှာ၊ ကျမတို့ရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိတယ်။ ရေကြီးရင် ရွှေ့ပြောင်းရမှာ၊ ဘာမှလုပ်ကိုင်စားသောက်လို့လည်း ရမှာမဟုတ်ဘူး၊ အကုန်လုံးစိုးရိမ်နေကြပါတယ်ရှင့်၊ ဒါကြောင့် အဲဒီဆောက်လက်စရေကာတာနဲ့  နောက်ထပ်ဆောက်ဖို့ လုပ်နေတဲ့ စီမံကိန်းတွေ ရပ်ပေးဖို့ တောင်းဆိုရတာဖြစ်ပါတယ်။” ရေကာတာစီမံကိန်းအဖွဲ့က လူတွေဟာ လွန်ခဲ့တဲ့ ၂၀၁၀ က သူတို့ရွာကို လာပြီး အကြောင်းကြားပေမယ့် ရွာသားတွေ နစ်နာ ဆုံးရှုံးရမယ့်ကိစ္စ လျော်ကြေးကိစ္စ တစုံတရာပြောဆို တာမရှိကြောင်း၊ စီမံကိန်းရှေ့ပြေးအဖြစ် လမ်းတွေလာဖောက်နေတဲ့အတွက် ရွာသားတွေ  စိုးရိမ်နေတာလို့  ဆိုပါတယ်။ နမ္မတူမြစ်ပေါ် တည်ဆောက်မယ့် ရေကာတာတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်တောင်သူ လယ်သမား ကွန်ရက်အဖွဲ့နဲ့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ကလည်း အချက်အလက်ကောက်ယူ စုဆောင်းပြီး  အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်ပါတယ်။ ဆောက်လက်စ အထက်ရဲရွာရေကာတာစီမံကိန်းဟာ တရုတ်၊ ဆွီဇာလန်၊ ဂျာမဏီနဲ့ ပြင်သစ်နိုင်ငံက ကုမ္ပဏီတွေ ပူးပေါင်းပါဝင်ပြီး  အမြင့် ၁၀၂ မီတာ၊  အကျယ်အ၀န်း  ၆၀ စတုရန်း ကီလိုမီတာရှိကာ ရေအားလျှပ်စစ် ၃၀၈ မဂ္ဂါဝပ်ထိ ထုတ်လုပ်နိုင်မယ်လို့  အစိရင်ခံစာထဲမှာ ဖော်ပြပါတယ်။ ရေကာတာဆောက်လုပ်ရေး ငွေကြေးထောက်ပံ့နေတဲ့ ဆွစ်ဇာလန်နဲ့ နော်ဝေး နိုင်ငံတွေဟာလည်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလမ်းစဉ်ကို ပံ့ပိုးသလိုနဲ့  အစိုးရနဲ့ပေါင်းပြီး တိုင်းရင်းသားနယ်မြေက သယံဇာတ အကျိုးအမြတ်တွေ ရယူနေတာလို့  အစီရင်ခံစာ ထုတ်ဝေရေးအဖွဲ့ပြောခွင့်ရ စိုင်းခမ်းမြတ်က ဒီဗွီဘီကို ပြောပါတယ်။ “ဆွီဇာလန် နဲ့ နော်ဝေဟာ မြန်မာနိုင်ငံထဲမှာလာပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းတွေအတွက် ပံ့ပိုးခဲ့တယ်။ ငြိမ်းချမ်းရေးစကားတွေလည်း အမြဲတမ်းပြောခဲ့တယ်။  အခုရေကာတာ တည်ဆောက်ရေးမှာလည်းပဲ ဆွီဇာလန်နဲ့ နော်ဝေနိုင်ငံက ကုမ္ပဏီတွေပါ ပါတယ်ဆိုတာ ကျနော်တို့တွေ့ရှိရတယ်။ ဒါကြောင့် သူတို့ပြောတဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ဆိုတာ သယံဇာတတွေ ရရှိဖို့ဆိုတာ ကွက်ကွက်ကွင်းကွင်းပေါ်လွင်နေတယ်၊ ဒါကြောင့် အရင်စီခံစာမှာ ထည့်ရေးရတာဖြစ်တယ်။” နမ္မတူမြစ် ခေါ် မြစ်ငယ်မြစ် လွတ်လပ်စွာစီးဆင်းနိုင်ရေး  ဆုတောင်းပွဲတရပ်ကို ဒီကနေ့မနက် ၉ နာရီအချိန်က သီပေါမြို့နယ် တာတေရွာရှိ နမ္မတူမြစ်ကမ်းစပ်မှာ ကျင်းပခဲ့ပြီး ကျောက်မဲနဲ့ သီပေါက လွှတ်တော်ကိုယ်စားလှယ်တွေရော၊ သျှမ်းတောင်သူလယ်သမားများ ကွန်ရက်၊ သျှမ်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့နဲ့ ရပ်မိရပ်ဖ၊ ရွာသူရွာသားတွေပါ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ညနေပိုင်းမှာတော့ သီပေါမြို့ ချန်တာဂါးဒင်းဟောလ်မှာ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။ ရှမ်းပြည်နယ် သံလွင်မြစ်ပေါ်မှာလည်း အာရှတိုက်မှာအကြီးဆုံးဖြစ်လာမယ့် မိုင်းတုံရေအား လျှပ်စစ်စီမံကိန်းကို မြန်မာ့လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနနဲ့ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံက ကုမ္ပဏီတွေ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နေရာမှာ  လူထုအခြေပြုအဖွဲ့အစည်းများရဲ့ ကန့်ကွက်ဆန္ဒပြမှုကို ခံနေရပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024