Home
မေးမြန်းခန်း
အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်ပြီး ၀န်ကြီးချုပ်များကို မေးမြန်းချက်
အေးနိုင်
·
March 30, 2016
တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ ၀န်ကြီးချုပ်တွေက သူတို့တာဝန်ယူတဲ့အခါ အကျင့်ပျက်ခြစားမှုနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဟာ ဦးစားပေးလုပ်ငန်းတွေဖြစ်မယ်လို့ ပြောကြားခဲ့ကြပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ၀န်ကြီးချုပ်တွေရဲ့ သဘောထားတွေကို  မေးမြန်းစုစည်းလို့ရသလောက် စုစည်းဖော်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံဟာ အဂတိလိုက်စားမှုစောင့်ကြည့်ရေးအဖွဲ့မှတ်တမ်းအရ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၄ နိုင်ငံအနက် အဆင့် ၁၇၂ နိုင်ငံမြောက်အထိနိမ့်ကျဆိုးဝါးခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ၁၇၅ နိုင်ငံအနက် ၁၅၆ နိုင်ငံအထိ ဖြစ်ခဲ့ပြီး အနည်းငယ်တိုးတက်ခဲ့ပါတယ်။ မူးယစ်ဆေးဝါးကတော့ ဘိန်းစိုက်ပျိုးမှုမှာ ဒုတိယမြောက်ဘိန်းစိုက်ချန်ပီယံနိုင်ငံအဖြစ် ဆယ်စုနှစ်တွေချီပြီး ရပ်တည်နေဆဲဖြစ်သလို စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးသုံးစွဲမှု၊ ဖြန့်ဝေရောင်းချမှု၊ ဖမ်းဆီးမှုတွေလည်း မြင့်တက်နေဆဲဖြစ်ပါတယ်။ သတင်းတွေဖော်ပြချက်အရ မူးယစ်ဆေးဝါးပြဿ နာဟာ နက်ရှိုင်းပြီး အုပ်ချုပ်ရေးပိုင်းကပုဂ္ဂိုလ်တွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ ပတ်သက်မှုတွေရှိတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း အစိုးရအဖွဲ့အတွင်း ခြစားမှုကင်းဖို့၊ မျက်နှာမထောက်ဘဲ အရေးယူသွားမှာဖြစ်ကြောင်း အလေးအနက် သတိပေးထားပါတယ်။ သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရသစ်ကတော့ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုပြီး လာမယ့် ဧပြီလ ၁ ရက်နေ့မှာ စတင်အုပ်ချုပ်မှာဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် Dr Lae Lae Nwe“လာဘ်ပေးလာဘ်ယူကတော့လေ တို့ တိုင်းဒေသကြီးကိုယ်စားလှယ် စဖြစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်က တော်ဝင်နှင်းဆီမှာ ခေါ်ပြောကတည်းကလေ ဒေါ်အောင်ဆန်းစုကြည် ညီမတို့ပါတီခေါင်းဆောင်က ပြောပြီးသား။ လာဘ်ပေးလာဘ်ယူ လုပ်လို့ကတော့တဲ့ လုံးဝညှာမှာမဟုတ်ဘူး။ သူကိုယ်တိုင်ပဲ ထောင်ထဲထည့်မယ်၊ ထောင်ဝင်စာတော့ နည်းနည်းပါးပါး လာတွေ့မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီအတိုင်းပဲ ပြောလိုက်ပါတယ်။ ကျမတို့နိုင်ငံ အနှစ် ၅၀ ကျော် ဆုတ်ယုတ်နေတာ၊ ပျက်စီးနေတာ၊ နွံထဲနစ်နေတာက လာဘ်ပေးလာဘ်ယူကြောင့်ပါ။ အဓိကပြဿ နာက လာဘ်ပေးလာဘ်ယူ ကြောင့်ပါ။ အခု ဌာနတခုမှာဆိုလို့ရှိရင် အငယ်ဆုံးသော စာရေးစာချီကအစ၊ တံခါးပေါက်စောင့်ကအစ ဆေးရုံတွေမှာဆို လာဘ်ပေးလာဘ်ယူ အားလုံးနဲ့ မကင်းပါဘူး။ မျက်နှာရှိတဲ့လူ၊ ပိုက်ဆံရှိတဲ့လူတွေကို လာဘ်စားပြီးတော့၊ ဒါမှမဟုတ်လို့ရှိရင်လည်း ပိုပြီးတော့ အလုပ်လုပ်ပေးလို့ စသဖြင့် လာဘ်လာဘက ငွေလည်း ဟုတ်ချင်ဟုတ်မယ်၊ အခွင့်အရေးလည်း ဟုတ်ချင်ဟုတ်မယ်။ အဲလိုမျိုးနဲ့ လူတွေဟာ ရုန်းကန်လှုပ်ရှားလာတာဟာ ကျမတို့လည်း သက်တမ်းတလျောက်လုံးပါပဲ။ ကျမတို့ အသက်လောက်ရှိနေပြီ။ အဲဒါကြောင့်မို့လို့ အခု ဒီမိုကရေစီအစိုးရသစ်လက်ထက်မှာကတော့ လာဘ်ပေးလာဘ်ယူကိုတော့ တိတိကျကျ ကျမကတော့ ကိုင်တွယ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ကျမကိုယ်တိုင်သော်လည်းကောင်း၊ ကျမရဲ့ ၀န်ကြီးအဖွဲ့သော်လည်းကောင်း၊ ကျမရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များသော်လည်းကောင်း၊ အဲဒီကမှတဆင့် ကျမတို့ အစိုးရအဖွဲ့၊ အစိုးရဌာနအသီးသီးမှာရှိတဲ့ ၀န်ထမ်းများကိုသော်လည်းကောင်း ကိုင်တွယ်သွားမှာဖြစ်ပါတယ်။ လာဘ်ပေးလာဘ်ယူရှိရင်တော့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကျမတို့ရဲ့ Manifesto (ရွေးကောက်ပွဲကြေညာစာတမ်း) ကတော့ အလကားဖြစ်သွားမှာပေါ့။” “မူးယစ်ဆေးဝါးကတော့ သေသေချာချာကိုင်တွယ်ရမယ့်ကိစ္စဖြစ်ပါတယ်။ ကျမတို့မှာ ပင်လယ်ထွက်ပေါက်၊ ပင်လယ်ဝင်ပေါက်ရှိနေတဲ့အတွက်ကြောင့် မူးယစ်ဆေးဝါးပြဿ  နာကလည်း တော်တော်ကိုကြီးကြီးမားမား ရင်ဆိုင်ရမယ့်စိမ်ခေါ်မှုတခုဖြစ်မယ်လို့ ကျမတော့ထင်ပါတယ်။ ခုလောလောဆယ်မှာတော့ ဖမ်းမိလို့ရှိရင်လည်း ပိုင်ရှင်မဲ့၊ ပိုင်ရှင်မဲ့၊ ပိုင်ရှင်မဲ့ချည်းပဲ ဖြစ်နေတဲ့အခါကျတော့ မူးယစ်ဆေးဝါးပြသနာတွေဟာ လူထုတွေကြားထဲမှာ တိတိကျကျ မပျံ့နှံ့လာဘူးပေါ့နော်။ အမှန်ကတော့တော်တော်များပါတယ် မူးယစ်ဆေးဝါးပြသနာဟာ။ အဲဒီတော့ ကျမတို့ဟာ ပင်လယ်ထွက်ပေါက်၊ ၀င်ပေါက်ရှိနေတဲ့အတွက်ကြောင့် မူးယစ်ဆေးဝါး ကိုတော့ ကြီးကြီးကျယ်ကျယ်ကို နှိမ်နင်းရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့မြန်မာနိုင်ငံမှာ အလုပ်လုပ်နိုင်စွမ်းရှိတဲ့ လူငယ်တွေဟာ မူးယစ်ဆေးဝါးကြောင့်ပဲ အသက်သေရင်လည်း သေမယ်၊ မသေရင်လည်း ရူးရင်လည်းရူးမယ်စသဖြင့် ကျမတို့ရဲ့ လုပ်ကိုင်ခွင့်စွမ်းအားတွေ ကျဆင်းနေတာပါ။ ကျမကိုယ်၌ကလည်း  ဆရာဝန်ဖြစ်တဲ့အတွက်ကြောင့် မူးယစ်ဆေးဝါး ကိုတော့၊ မူးယစ်ဆေးဝါးဆိုကတည်းက တရားဥပဒေစိုးမိုးရေးက တွဲပြီးလာတာလေ။ တရားဥပဒေစိုးမိုးရေးကို တိတိကျကျကိုင်တွယ်ဖြေရှင်းချင်ပါတယ်။ ကိုင်တွယ်ဖြေရှင်းခွင့်ရအောင်လည်း ကျမတို့ဥပဒေတွေ တိတိကျကျပြဋ္ဌာန်းပေးကြအောင်လို့ ကျမတို့က တောင်းဆိုသွားမှာဖြစ်ပါတယ်။ “ကျမတို့ထားဝယ်မှာ မြေယာပြဿ   နာတွေပေါ့နော်၊ အခု မောင်းမကန် ကမ်းခြေတွေလိုမျိုး၊ ရေနက်ဆိပ်ကမ်းလိုမျိုး မြေယာပြဿ နာတွေ တော်တော်များများရှိပါတယ်။ အဲဒီပြဿ    နာတွေကိုလည်း အတတ်နိုင်ဆုံး ကျမတို့က ဖြေရှင်းမှသာလျင် ပြည်သူတွေက အတိုင်းအတာတခုအထိ စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံမှာဖြစ်တဲ့အတွက်ကြောင့် ကျမကတော့ မြေယာပြဿ နာတွေကို သေသေချာချာ အခြေခံကစ ပြန်ပြီူးတော့ စိစစ်ချင်ပါတယ်။ ဆုံးဖြတ်ချက်မချနိုင်ရင်တောင်မှပဲ ကျမတို့ တကယ်ဖြစ်တဲ့အခြေခံကို ကျမတို့ စစ်ဆေးချင်ပါတယ်၊ စိစစ်ချင်ပါတယ် ဥပဒေတွေနဲ့စသဖြင့်၊ အတတ်နိုင်ဆုံးပေါ့ ပြည်သူတွေဘက်က သက်သာရာရအောင် လုပ်ပေးချင်ပါတယ်။” ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဝင်းသိန်း U Win Thein (Bago)“လာဘ်ပေးလာဘ်ယူမှုက ကျနော်တို့က စံပြလုပ်ရမှာပေါ့ဗျာ။ အမေစုကလည်း ဒီကိစ္စတွေကို အကောင်အထည်ဖော်ဖို့ကို ကျနော်တို့ မကြာခင် အစိုးရဖွဲ့ပြီးမှပဲ ဘာတွေလုပ်မလဲဆိုတာ Detail အသေးစိတ်ကျကျ ပြောပြနိုင်မယ်ဗျ။ အခုတော့ ကျနော် မပြောပြနိုင်သေးဘူး။ ဒီ Corruption အကျင့်ပျက်ခြစားမှုကိစ္စကတော့ အရေးကြီးဆုံးပဲဗျ။ တနိုင်ငံလုံး အကျင့်ပျက်ခြစားနေတာ နှစ်ပေါင်းများစွာလည်းဖြစ်နေပြီ။ ယဉ်ကျေးမှုတခုလိုကို ဖြစ်နေကြတာ။ အဲဒါက ကျနော်တို့က လူထုကို တဖြည်းဖြည်းနဲ့ Public လူထုကို ပညာပေးရမယ်။ ၀န်ထမ်းတွေကိုလည်း ပညာပေးရမယ်။ နမူနာအနေနဲ့လည်းပဲ ပထမဦးဆုံး စမ်းသပ်လုပ်ပြီးတဲ့အခါကျတော့ အရေးယူတာတို့ဘာတို့ ပုံစံမျိုးကျမယ်ထင်တယ်။ ဒါကတော့ ဘယ်လိုလုပ်မလဲ ကျနော်မသိဘူး။ အဓိကကတော့ ဗဟိုအစိုးရရဲ့ ဘက်ကနေ ကိုင်တွယ်မယ့်ပုံစံပေါ့။ ကျနော်တို့ အခုပြောဖို့ကတော့ နည်းနည်းခက်တော့ခက်တယ်။ “မူးယစ်ဆေးဝါးကိစ္စကတော့ ကျနော်တို့မှာ ပြည်သူ့ရဲရှိတယ်။ ပြီးတော့ နယ်လုံတို့ ဘာတို့ပေါ့နော်။ တပ်မတော်ကလာတဲ့ နယ်လုံရှိတယ်။ သူတို့နဲ့ ကျနော်တို့ ညှိနှိုင်းတိုင်ပင်ပြီးတဲ့အခါကျတော့ အတတ်နိုင်ဆုံးကင်းစင်ဆောင် ကျနော်တို့ ဆောင်ရွက်သွားမှာပါ။ “မြေယာကိစ္စကလည်း ကျနော်တို့ ပဲခူးတိုင်းမှာလည်းပဲ တခြားတိုင်းများကဲ့သို့ပေါ့နော် ပြဿ နာတော့ ရှိတယ်။ အဓိကက ဟိုးအရင်ကတည်းကရှိခဲ့တဲ့ တပ်မတော်သိမ်းရှိတယ်။ ကုမ္ပဏီသိမ်းတို့၊ ရယကတို့ န၀တခေတ်က သိမ်းတာတွေလည်းရှိတယ်။ အဲဒါတွေက ကျနော်တို့ ဖြည်းဖြည်းချင်းတော့ ရှင်းမှာပါ။ ဒီဟာက ကျနော်တို့ တိုင်းဒေသကြီးတခုတည်းက ချမှတ်ရမယ့် ပေါ်လစီမဟုတ်ဘဲနဲ့ အထက်က ဗဟိုကနေ ထုတ်မယ်ထင်ပါတယ်။ ပြည်ထောင်စုအစိုးရက ဘယ်လိုမူချမယ်ဆိုတာပေါ့။” မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး U Min Min Oo“ကျနော့်ရည်ရွယ်ချက်ပေါ့နော်။ လာဘ်ယူမှုကိစ္စကို ကင်းရှင်းအောင်လုပ်မယ်။ လက်ရှိကတော့ လာဘ်ပေးလာဘ်ယူကို ဘယ်လိုတွေလုပ်နေလဲ၊ ဘယ်လိုအနေအထားတွေ ဖြစ်နေလဲဆိုတာကို ကျနော် အရင်သုံးသပ်ရဦးမယ်။ အဲဒီဖြစ်နေတဲ့အပေါ်မူတည်ပြီးတော့ ကျနော် အဖြေရှာပြီးတော့ အကောင်းဆုံးဖြစ်အောင်လုပ်မယ်။ “မူးယစ်ဆေးဝါးလည်း လာဘ်ပေးလာဘ်ယူပုံစံမျိုးပဲ ကျနော်ရှင်းအောင်လုပ်မှာပါ။ ဒါကတော့ ဖြစ်လာတဲ့ကာလလည်းကြာခဲ့ပြီ၊ အခုထိလည်း အဲဒီကောင်က အမြစ်မပြတ်နိုင်ဘူးဖြစ်နေတယ်။ အဲဒီအခြေအနေလည်း ကျနော်အခုနပြောတဲ့စကားလိုပဲနော် အခြေအနေ အနေအထားအားလုံးနဲ့၊ ဘယ်လိုလူတွေနဲ့ ဘယ်လို ပတ်သက်နေလဲဆိုတာကို ကျနော် သိအောင် အရင်ကြိုးစားဦးမယ်။ ပြီးတော့ ဒီကိစ္စကိုလည်း ကျနော် လက်မခံနိုင်ဘူး။ ဒါကိုလည်း ကျနော် ရှင်းမှာပါ။ “(မြေယာသိမ်းဆည်းခံရမှုတွေနဲ့ပတ်သက်လို့ မေးရာမှာ) လက်ရှိတော့ ကျနော် အဲဒီဟာနဲ့ပတ်သက်ပြီး ဘာမှ မသိရသေးဘူး။ အရင်အစိုးရလက်ထက်မှာတုန်းက သူတို့လုပ်နိုင်သလောက် သူတို့လုပ်သွားတာပဲ။ ကျနော့်လက်ထက်မှာ ကျနော်လည်း တာဝန်မယူရသေးတဲ့အတွက် ကျနော် မပြောနိုင်သေးပါဘူး။” ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို AlPhoungSho“ရှင်းရှင်းပြောရရင် ဒီအဂတိတရား ကင်းစင်ဖို့ဆိုတာကတော့ ဒါ မဖြစ်မနေ လုပ်ရမယ့်ဟာလေ။ ဒီအဂတိတရားကင်းစင်ဖို့ကို တတ်နိုင်သလောက် အစွမ်းကုန် အကောင်းဆုံး မဖော်ဆောင်နိုင်ဘူးဆိုရင်တော့ ဒါ ဘယ်လိုလုပ် တိုးတက်မှုကို ဖော်ဆောင်နိုင်မှာမဟုတ်ဘူး။ ဘယ်လိုမှ တိုးတက်မှုမရနိုင်ဘူး။ ဒါကြောင့်မို့လို့ အတတ်နိုင်ဆုံး သူ့လုပ်ထုံးလုပ်နည်းနဲ့အညီ ဖော်ဆောင်သွားဖို့ရှိပါတယ်။ အစိုးရအဖွဲ့သန့်ရှင်းအောင်လို့ ကျနော်တို့က ၀န်ထမ်းစည်းမျဉ်းစည်းကမ်းဆိုတာရှိတယ်လေ။ ချမှတ်ပေးထားပြီးသားဖြစ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ၀န်ထမ်းတွေ လိုက်နာနိုင်အောင်၊ အဲဒီစည်းမျဉ်းစည်းကမ်းကလည်း ၀န်ထမ်းတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုတွေ လုပ်ပိုင်ခွင့်တွေတည်တံ့လာအောင်၊ ၀န်ထမ်းတွေ ကိုယ့်ဟာကိုယ်ရပ်တည်နိုင်အောင်၊ လုံခြုံမှုရှိအောင်။ အဲလိုမျိုးရှိပြီးတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း အကောင်အထည်ဖော်မယ်၊ မရှိသေးရင်လည်း ပြန်ပြီးမှ ပြင်ဆင်တာတွေ လုပ်ရမှာပေါ့ဗျာ၊ ကျနော်တို့လုပ်စရာတွေ အများကြီးရှိပါတယ်။ “မူးယစ်ဆေးဝါးကတော့ ကျနော်တို့ မဖြစ်မနေ ဖြေရှင်းမှာပါ။ ပပျောက်သွားအောင် လုပ်ယူသွားမှာလေ။ ဒီလိုလုပ်ဆောင်မှု အခန်းကဏ္ဍတွေမှာတော့ ကျနော်တို့ ထိန်းကျောင်းမယ်၊ ပြင်ဆင်မယ်၊ သူတို့လုပ်ထုံးလုပ်နည်းဥပဒေနဲ့ သူ့ ဆိုရာဆိုင်ရာတွေကနေ မူးယစ်ဆေးဝါးအန္တရာယ်ပပျောက်ဖို့ ကျနော်တို့ လုပ်မှာပေါ့။ ဘယ်လိုလုပ်မယ်ဆိုတာ ကျနော်တို့က government မဖွဲ့သေးဘူးလေဗျာ။ ဖွဲ့ပြီးသွားရင်တော့ ပပျောက်အောင်လုပ်မှာပဲ။ “မြေယာကိစ္စတွေကတော့ ဒေသန္တရမြေယာစီမံခန့်ခွဲမှုကော်မတီတွေရှိမယ်။ ဗဟို မြေယာစီမံခန့်ခွဲမှုကော်မတီတွေရှိမယ်။ ဒီမြေယာစီမံခန့်ခွဲမှုကော်မတီတွေက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း အကောင်အထည်ဖော်ဖို့ စိုင်းပြင်းထားပါတယ်။ အဲဒီအခါမှသာလျင် ကျနော်တို့က လုပ်လို့ရမှာလေ။ ဒါတွေရှိပြီးသားတွေလေ၊ ရှိပြီးသားတွေကို ကျနော်တို့က ပွင့်လင်းမြင်သာမှုရှိစွာ စနစ်တကျစိစစ်ပြီးမှ အကောင်ထည်ဖော်မယ်ဆိုရင်တော့ ဒီပြဿ နာဟာလည်း ပြေလည်သွားမယ်လို့ ကျနော်ယုံကြည်ထားပါတယ်။ လုပ်ဖို့တော့ရှိတာပေါ့နော်။” ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် U-Khet-Aung“ကျနော့်အနေနဲ့ ကြိုးစားဆောင်ရွက်သွားမှာကတော့ အခုလောလောဆယ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း အန်အယ်လ်ဒီကလည်း ပြင်မယ်၊ အသစ်ရေးဆွဲမယ်လို့ Manifesto (ရွေးကောက်ပွဲကြေညာစာတမ်း) ထဲမှာ ပါတယ်လေ။ ပါပေမယ့်လည်း ကျနော်တို့ ဒီ ၂၀၀၈ အခြေခံဥပဒေအောက်မှာ တရားဥပဒေစိုးမိုးရေးကို အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်မယ်။ အဲဒီအခါကျရင် အခု Corruption ခြစားမှုတို့ဘာတို့ဆိုတာက ဟုတ်လား နည်းနိုင်သလောက် နည်းသွားမယ်။ ဒီပြင်စိမ်ခေါ်မှုတွေကလည်း နည်းနိုင်သလောက် နည်းသွားမယ်။ ဒီတော့ တရားဥပဒေစိုးမိုးရေးဆိုတဲ့ဟာကို တတ်နိုင်သလောက် အကောင်အထည်ဖော်ရမယ်။ ဒီလိုပဲ စဉ်းစားထားပါတယ်။ ကျနော့်အစိုးရအဖွဲ့အနေနဲ့ စံပြကတော့ ဒီ Corruption လာဘ်ပေးလာဘ်ယူကတော့ မလုပ်ရဘူးလေ။ ထိပ်က စံပြလုပ်မှ အောက်ခြေက ပြုပြင်လို့ရမှာကိုး မဟုတ်လား၊ အဲသလိုပါပဲ။ ကျနော်တို့ အတတ်နိုင်ဆုံး။ ပြည်သူက ရွေးချယ်လိုက်တဲ့အတွက် ပြည်သူနဲ့ ကျနော်တို့ကတော့ ပြည်နယ်အတွက်ပေါ့ဗျာ နိုင်ငံတော်အတွက်ပေါ့ နောက်ဆုံးကျတော့ အဲလိုပဲစဉ်းစားထားတာ။ ကျနော်တို့အတတ်နိုင်ဆုံးပေါ့။ “မူးယစ်ဆေးဝါးကလည်း ခုနပြောတဲ့အတိုင်းပါပဲ ဥပဒေစိုးမိုးမှုမရှိတဲ့အတွက် ဘိန်းစိုက်တာတို့ဘာတို့ အဲလိုဖြစ်နေတာပေါ့လေ။ ဥပဒေစိုးမိုးမှု၊ ဘိန်းကတော့ ကမ္ဘာ့ရန်သူ၊ ကျနော်တို့နိုင်ငံရဲ့ရန်သူ၊ ကျနော်တို့လူမျိုးတွေရဲ့ရန်သူ၊ လူတိုင်သိပြီးသားပဲလေ ဒါကတော့ အတတ်နိုင်ဆုံးတော့ ဒါကို အရေးယူဆောင်ရွက်ရမယ်။ အဲလိုပဲစဉ်းစားထားတယ်။ ဘာကြောင့်လဲဆိုတော့ အနာဂတ် ကျနော်တို့နိုင်ငံရဲ့ လူ့အရင်းအမြစ်ရဲ့ ရန်သူကြီးပဲ ဒါက။ ဒါ ကျနော်တို့ အစိုးရဖြစ်ပြီးတော့ တာဝန်ယူတဲ့နောက်ပိုင်းကျမှ ဘယ်လိုဘယ်ပုံနည်းနဲ့ တိုက်ဖျက်ရင် ပိုပြီးထိရောက်မလဲဆိုတဲ့ဟာလေးကတော့ အဲလိုပဲ စဉ်းစားထားတယ်လေ။ အရင်ဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေကို လေ့လာသုံးသပ်ပြီးတော့ဘယ်လိုလုပ်ရင် ပိုပြီးထိရောက်မလဲ။ ဟုတ်လား၊ မူးယစ်ဆေးဝါးရန်သူကို ကျနော်တို့ ကာကွယ်နိုင်မလဲဆိုတဲ့ဟာကို ကျနော်တို့ ၀ိုင်းဝန်းပြီးတော့ ဆွေးနွေးပြီးတော့ အကောင်အထည်ဖော်သွားမှာပါ။ “ဦးစားပေးဆိုတာက ကျနော်ခုနတင်ပြခဲ့သလိုပါပဲ။ ကျနော်တို့တာဝန်ယူပြီး ရုံးထိုင်ပြီး အလုပ်စလုပ်တဲ့ နောက်ပိုင်းကျမှ ဘယ်ဟာကို ဦးစားပေးရမယ်။ အရင်တုန်းက ဘယ်လိုတွေဖြစ်ခဲ့တယ်၊ ဘယ်လမ်းကြောင်းတွေက ကောက်လဲ၊ ဘယ်ဟာက စေတနာအမှားနဲ့ အရင်အစိုးရက လုပ်ခဲ့တယ်၊ ဘယ်ဟာက ကောင်းအောင် လုပ်ခဲ့တယ်၊ စေတနာမှားနဲ့ မှားခဲ့တဲ့ဟာကိုလည်း ကျနော်တို့က ပြန်ပြင်မယ်။ သူတို့ကောင်းအောင် လုပ်ခဲ့တဲ့ဟာကိုလည်း ကျနော် ပိုကောင်းအောင်လုပ်မယ်။ အဲဒီတော့ ကျနော်တို့တာဝန်ယူတဲ့နောက်ပိုင်းကျမှ ဘယ်ဟာကို ဦးစားပေးရမလဲဆိုတဲ့ဟာကို ကျနော်တို့ သုံးသပ်လို့ရမှာပါ။ အများကြီးလေ၊ အများကြီး။ အများကြီး၊ အပေါ်ယံပြောမယ်ဆိုရင်တော့ ကျနော်တို့က ပြည်သူလူထုက ရွေးချယ်လိုက်တဲ့ အစိုးရဆိုတော့ ပြည်သူ့အကျိုးကိုတော့ နံပါတ် ၁ ထားရမှာပေါ့။ အများကြီးရှိတယ် ခေါင်းစဉ်တွေက။ (စစ်ဖြစ်နေကြတဲ့အပိုင်းကတော့) သူတို့ ပြည်ထောင်စုအစိုးရကနေပြီးတော့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ အပေါ်မှာပဲမူတည်တယ်လေ။” ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ Mann Jawni“တရားဥပဒေစိုးမိုးမှု အရင်ရှိအောင်လုပ်ရမှာပေါ့။ တရားဥပဒေစိုးမိုးလာလို့ရှိရင် လာဘ်ပေးလာဘ်ယူဆိုတာ အလိုလို လျော့ကျသွားမှာပေါ့။ လာဘ်ပေးလာဘ်ယူ အကုန်လုံးပျောက်အောင်တော့ လုပ်လို့ ဘယ်ရမလဲ။ ပြည်နယ်အစိုးရက ဘယ်သူတွေဖြစ်မယ်မှန်းမှ မသိသေးတာ လာဘ်ပေးလာဘ်ယူ ရှိတယ်၊ မရှိဘူးဆိုတာ ဘယ်လိုသိမှာလဲ အသစ်တင်မယ့်သူတွေမှာလေ။ အသစ်ထပ်ခန့်မှာ အဟောင်းမှ မရှိတာ။ အဟောင်းမရှိတော့ဘူး။ အဲဒီအဟောင်းထဲကဆိုရင်တော့ လာဘ်စားရင် စားမှာပေါ့။ ငါတို့အသစ်တွေက ဘာမှမလုပ်ရသေးဘူး ဘယ်လိုလုပ်လာဘ်စားမှာလဲ။ “မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ ဒါတွေကတော့ ၀န်ကြီးတွေဘာတွေပါ ပါရမှာ၊ အခုဟာက အစိုးရအဖွဲ့ခန့်တောင် မခန့်ရသေးတော့ ဘယ်လိုမျိုးအစီအစဉ်ဆိုတာ ဘာမှမဆွဲရသေးဘူး။ “မြေယာသိမ်းဆည်းမှုတွေနဲ့ပတ်သက်တဲ့ မြေယာဥပဒေတွေရှိတာပဲ၊ အဲဒီဥပဒေအတိုင်းလုပ်မှာပေါ့။” ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် Dr Lin Htut“အဲဒီမှာကျတော့ ကျနော်တို့က လာဘ်ပေးလာဘ်ယူကို ဘာပေတံနဲ့ တိုင်းမလဲဆိုတာလေးကို ကျနော်တို့က အရင်ဆုံးစဉ်းစားရတာပေါ့။ လာဘ်ပေးလာဘ်ယူကို ငါးပါးသီလလို စစ်စစ်မှန်မှန် တိုင်းဖို့တော့ ခုလောလောဆယ်အနေအထားမှာ ခက်ဦးမယ်လို့ ကျနော်ထင်တယ်။ Complaint ရှိလာရင်ကတော့ Complaint ကို စစ်ဆေးမယ်၊ လာဘ်ပေးလာဘ်ယူရှိတာ သေချာရင်တော့ ကျနော်တို့ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်စကားပေါ့ဗျာ။ ထောင်ကျရမှာပဲဗျ၊ ဇာတ်လမ်းက အဲဒါပဲ။ ကျနော်လုပ်ရင်လည်း ကျနော် ထောင်ကျမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူ့မျက်နှာပဲကြည့်တယ်ဗျ၊ ဘယ်သူ့ကိုမှ မညှာဘူး။ အဲဒီတော့ ကျနော့် ကက်ဘိနက်အဖွဲ့ဝင်တွေလည်း စားရင် သူတို့ခံရမှာပဲ။ သူတို့စားထားတာကို ဖုံးထားရင် ကျနော်ပါခံရမယ်။ နောက်ပြီးတခါ အောက်မှာ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မယ့် ၀န်ထမ်းအဖွဲ့အစည်းအသီးသီး။ Complaint (တိုင်ကြားစာ) မရှိသေးရင်တော့ ဒါက ကျနော်တို့က တိုင်းတာတဲ့ သူ့ တိုင်ကြားစာ မရှိသေးတဲ့အခါမှာ ကျနော် လုပ်လို့မရဘူးလေ။ Complaint ရှိလာပြီ၊ လူထုတိုင်တန်းမှုရှိလာပြီဆိုရင်တော့ တစုံတရာ စစ်ဆေးပြီးတော့ ပေါ်ပေါက်တယ်ဆိုရင် အရေးယူခံရမှာပါ။ အဲဒီနည်းနဲ့ ကျနော်တို့ Corruption ကို တိုက်ဖျက်သွားမှာပါ။ တိုင်ကြားနိုင်တဲ့နေရာတွေကတော့ ကျနော်တို့ အစိုးရအဖွဲ့ ဖွဲ့စည်းပြီးတာနဲ့ တပြိုင်နက် လွှတ်တော်မှာလည်း ရှိမှာပါ။ လွှတ်တော်ထဲမှာလည်းရှိမှာပါ။ အစိုးရအဖွဲ့မှာလည်း အဲဒီအဖွဲ့တွေထားမှာပါ။ လွှတ်တော်မှာလည်းရှိမှာပါ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း တိုင်တန်းနိုင်ပါတယ်။ လွှတ်တော်ထဲက မည်သည့်ပါတီကဖြစ်စေ၊ တသီးပုဂလဖြစ်စေ၊ ပါတီအဖွဲ့အစည်းတခုခုကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်အားလုံးကို တိုင်ကြားနိုင်ပါတယ်။ ဘယ်သူဟာဖြင့်ရင်တော့ လာဘ်ပေးလာဘ်ယူရှိပါတယ်။ ဘယ်လိုရှိပါတယ်ဆိုတာကို တိုင်တန်းနိုင်ပါတယ်။ တိုင်တန်းတဲ့အခါမှာ စစ်ဆေးမှုတော့ရှိရမှာပေါ့နော် စုံစမ်းစစ်ဆေးမှုရှိပြီးတော့ စုံစမ်းစစ်ဆေးမှုအရ အမှုမှန်ပေါ်ပေါက်တယ်။ Corruption ပေါ့နော် လာဘ်ပေးလာဘ်ယူခြစားမှုရှိတာ မှန်တယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်စကားအတိုင်းပါပဲ။ “လာဘ်ပေးလာဘ်ယူကိစ္စဟာ အရေးအကြီးဆုံးအချက်ပါပဲ။ လာဘ်ပေးလာဘ်ယူရှိရင် Trust ယုံကြည်မှု ဘယ်လိုမှ မရနိုင်ဘူး။ Trust မရှိလို့ရှိရင် ကျနော်တို့လူတွေကို ဘယ်လိုစည်းရုံးမလဲ။ ဘယ်လိုဆက်လက်ပြီးတော့ ဒီလူတွေနဲ့ ပူးပေါင်းဆောင်ရွက်မလဲ။ လူထုက ကျနော်တို့အပေါ်မှာ ဘယ်လိုသဘောထားမလဲ။ ဒါလေးကိုစဉ်းစားလိုက်ရင် လာဘ်ပေးလာဘ်ယူပြဿ နာက ဘယ်လောက်ကြီးတယ်ဆိုတာ ကျနော်ထပ်ပြောစရာ လိုမယ်မထင်တော့ပါဘူး။ “ပြည်နယ်တွင်းမူးယစ်ဆေးဝါးပြဿ နာနဲ့ပတ်သက်လို့ ကျနော် အန်ဂျီအိုမှာလုပ်ခဲ့တုန်းက အတွေ့အကြုံလေးတွေနဲ့ယှဉ်ပြီးပြောပြချင်တယ်။ ကျနော် Care Myanmar မှာလည်း နောက်ဆက်တွဲ အန္တရာယ်လျော့ချရေးစီမံချက်မှာ ကျနော်လုပ်ခဲ့ပါတယ်။ MBCA လို့ခေါ်တဲ့ Myanmar Business Coalition AIDS မှာ ကျနော် Transport Sector ပေါ့နော် သယ်ယူပို့ဆောင်ရေးလုပ်သားဝန်ထမ်းများရဲ့ အေအိုင်ဒီအက်စ်အန္တရာယ် လျော့ချရေး sector မှာ ကျနော် ၃ နှစ်လောက်လုပ်ဖူးပါတယ်။ လုပ်ဖူးတဲ့အတွေ့အကြုံလေးနဲ့ ပြောပြရမယ်ဆိုရင်တော့ ကျနော်တို့ မူးယစ်ဆေးဝါးကို မသုံးပါနဲ့လို့ ပြောတာထက်ပေါ့နော် မူးယစ်ဆေးဝါးဘက်ကို စိတ်မရောက်နိုင်တဲ့ အခြားကောင်းမွန်မှန်ကန်တဲ့ ၀ါသနာမျိုးစေ့တွေကို လူငယ်တွေအကြားမှာ ချပေးဖို့လိုပါတယ်။ ဥပမာ အားကစားကိုဝါသနာပါလာဖို့၊ စာပေဗဟုသုတဖတ်ရှုလေ့လာခြင်းမှာ ၀ါသနာပါလာဖို့၊ အသိဉာဏ်ကို တိုးတက်အောင်ပြုလုပ်ခြင်းမှာ ၀ါသနာပါလာဖို့၊ ဂီတကို ၀ါသနာပါလာဖို့ ဒီလိုမျိုး ကောင်းမွန်တဲ့မျိုးစေ့တွေကို ချပေးမယ်ဆိုရင်တော့ လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲတဲ့၊ သုံးစွဲချင်တဲ့ဆန္ဒ အတန်အသင့်လျော့ပါးသွားလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒါတွေပြီးတော့မှ ဒါကတော့ သုံးစွဲမှုလျော့ပါးရေးအပိုင်းပေါ့နော်။ နောက် ထုတ်လုပ်မှုလျော့ပါးရေးမှာလည်း ကျနော်တို့က ဘိန်းစိုက်တောင်သူတွေ၊ အခုကတော့ ဘိန်းစိုက်တာကတော့ နည်းနည်းနည်းသွားပြီပေါ့နော် stimulants ခေါ်တဲ့ စိတ်ကြွဆေးအခြေခံတွေ ထွက်နေတာများတယ်ပေါ့။ အဲဒါတွေကို ထုတ်လုပ်မှုပိုင်းမှာ ကျနော်တို့က ဥပဒေစိုးမိုးလာလို့ရှိရင် ဒါတွေကို ဆောင်ရွက်လို့ရသွားမှာပါ။ အဲဒီမှာ ဘိန်းတောင်သူတွေကို ဘိန်းကရတဲ့ ၀င်ငွေနဲ့ အလားသဏ္ဌာန်တူတဲ့ တခြားအလုပ်အကိုင်၊ တခြားသီးနှံတွေ ဖန်တီးပေးနိုင်မယ်ဆိုလို့ရှိရင်လည်း စိုက်ပျိုးထုတ်လုပ်မှုက လျော့ကျသွားမှာပါ။ အဲဒီတော့ ကျနော်တို့ အက်ဖက်တမင်းတွေ၊ ရာဘဆေးပြားတွေ ထုတ်လုပ်နေတာကိုတော့ တရားဥပဒေစိုးမိုးအောင် ပြုလုပ်မယ်ဆိုလို့ရှိရင် နှစ်အတန်ကြာတဲ့အခါမှာ တဖြည်းဖြည်း တဖြည်းဖြည်း လျော့ပါးသွားလိမ့်မယ်လို့ အောက်မေ့ပါတယ်။ “(ရှမ်းပြည်နယ်တွင်းတိုက်ပွဲများ၊ များပြားသည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များဆိုင်ရာနဲ့ပတ်သက်လို့) “တခုဖြေချင်တယ်ဗျာ။ ဒါလေးက ကျနော့ရဲ့ ဖတ်ဖူးမှတ်ဖူးတဲ့ ဗဟုသုတလေးပါ။ ဘယ်လောက်ပဲရှုတ်ထွေးနက်နဲတဲ့ စစ်ရေးပြဿ နာ၊ နိုင်ငံရေးပြဿ နာ ဖြစ်ပါစေတဲ့၊ တူညီတဲ့ဆန္ဒတွေ၊ ဘုံထုတ်လို့ရတာတွေ ရှိနေနိုင်ပါတယ်တဲ့။ အဲဒီရှိတဲ့လမ်းစတွေ၊ အဲဒီရှိတဲ့ကြိုးစတွေကို ကျနော်တို့ မိအောင်လိုက်ဆွဲရမှာပေါ့ဗျာ။ အဲဒီကမှ Common Platform လို့ခေါ်တဲ့ တူတူညီညီလျှောက်လှမ်းနိုင်တဲ့ လမ်းလေးတွေ ဖန်တီးမယ်၊ အဲဒီလမ်းတွေကမှ အဲဒီလမ်းတွေ ပိုရှည်လာအောင်၊ ပိုကျယ်လာအောင် ပိုလျှောက်ကောင်းလာအောင် ကျနော်တို့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်လာနိုင်မယ်။ အေးချမ်းလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အားလုံးကတော့ တပ်မတော်သားတွေ အပါအ၀င်ပေါ့နော် တဖက်က လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း သေကြရ၊ ကျေကြရ၊ သွေးထွက်သံယိုဖြစ်ကြရ၊ ပြေးကြရ၊ လွှားကြရဆိုတဲ့ လူထုဒုက္ခကို သူတို့လည်း နားလည်နေကြပါပြီ။ သူတို့ကိုယ်တိုင်လည်း ငြီးငွေ့နေကြပါပြီ။ ကျနော်တော့ အဲဒီလိုပဲ ယူဆပါတယ်။” စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင် Dr.Myint Naing“ဆရာသဘောအကျဆုံး၊ ဆရာအလုပ်သင့်ဆုံးထင်တာက ဆရာပြောမယ်။ ဒီလိုပြောတဲ့အချိန်မှာ ဆရာတို့က အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမူကို ကိုင်စွဲထားတာ။ ဆရာလုပ်ချင်တဲ့အလုပ်ကိုပဲ ပြောခြင်းဖြစ်တယ်။ ဆရာအစဆုံးလုပ်ချင်တာက အဂတိတရားလေးပါးကင်းစင်တဲ့ သန့်ရှင်းတဲ့အစိုးရတရပ် ပေါ်ပေါက်ချင်တယ်။ အဲလိုဆရာတို့က လုပ်ဆောင်ပေးခြင်းအားဖြင့် ဒို့ဗမာစကားပုံတခုရှိသားပဲ။ ခေါင်က မိုးလုံဖို့အရေးကြီးတယ်။ ခေါင်က မိုးမလုံဘဲ ဘာလုပ်လုပ် ပရမ်းပတာဖြစ်နေမှာပဲ။ ဘယ်လောက်ပဲလုပ်လုပ် အရာလည်းထင်မှာမဟုတ်ဘူး။ အဲဒီကျ တို့အဖွဲ့ အစိုးရတရပ်လုံးဟာ အဂတိတရား ကင်းစင်ဖို့လိုတယ်။ အဲလိုကင်းစင်ဖို့ဆိုတာ ပူးပေါင်းဆောင်ရွက်မယ်။ ရိုးရိုးသားသားလုပ်မယ်။ အချင်းချင်းညီညွတ်အောင် လုပ်ဆောင်သွားမယ်။ အားလုံး တယောက်ကိုမှ ဒီကိစ္စအတွက် တယောက်ချင်း ဆရာစောင့်ကြည့်နေမှာ။ ဆရာကိုယ်တိုင် စောင့်ကြည့်မှာ။ ဒေါ်စုလည်း ပြောထားပြီးသားပဲ။ သူကိုယ်တိုင် ထောင်ဝင်စာလာတွေ့မယ်တဲ့။ တို့လည်း အဲဒီအတိုင်းလုပ်မှာ။ တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကြောင့် လုပ်နိုင်တာ။ အန်အယ်လ်ဒီရဲ့ တို့အားလုံးသည် ပါတီအောက်မှာရှိတာ။ ပါတီရဲ့ မူဝါဒအတို်င်းသွားမှာ။ အဲဒီလိုဖြစ်လာတဲ့အချိန်မှာ အဂတိတရားကင်းစင်တဲ့ အသိုင်းအ၀ိုင်းကြီးတရပ်များ ပေါ်ပေါက်လာခဲ့တယ်ဆို ဘယ်လောက်ကောင်းသလဲ။ အဲဒီလိုပေါ်ပေါက်လာချိန်မှာ တို့တရားမျှတတဲ့ တို့အုပ်ချုပ်ရေးစနစ်ဟာ တရားမျှတတဲ့ပြည်သူကို ကာကွယ်ပေးတဲ့စနစ်ကြီးတရပ် ဖြစ်လာမှာပဲ၊ အဲလိုဖြစ်လာခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေးကိုအထောက်အကူပြုလိမ့်မယ်။ တရားဥပဒေစိုးမိုးမှုဆိုတာ ဘက်လိုက်မှုကင်းပြီး တရားမျှတတဲ့ တရားစီရင်ရေးစနစ်ပေါ်လာမယ်။ အဲလိုဆိုရင် ပြည်သူလူထုတရပ်လုံးက လွတ်လပ်ပြီလုံခြုံတဲ့ဘ၀ ပြည်သူတို့ရမှာ။ ဒါ သိပ်အရေးကြီးဆုံးပဲ။ ဒါတွေပြီးမှ ၂ အနေနဲ့ မေးမယ်ဆိုရင် ယခင်တိုင်းဒေသကြီးအစိုးရရဲ့ စီမံချက်တွေ၊ လုပ်ဆောင်ချက်တွေကို ဆရာတို့ကြည့်မယ်၊ လေ့လာမယ်။ အဲဒီကနေပြီးတော့ အားသာချက်၊ အားနည်းချက်တွေ ဆွဲထုတ်မယ်။ ဆွဲထုတ်ပြီးတော့ သူတို့လုပ်ခဲ့တာတွေကိုကြည့်ပြီး ပြည်သူကို တကယ်အကျိုးရှိမယ့်အလုပ်တွေကို ဖြည့်စွက်၊ ပြင်ဆင်၊ ဖန်တီးပြီးတော့ ဆရာလုပ်မယ်။ “နောက်တခုက ဆရာတို့ စစ်ကိုင်းတိုင်းတတိုင်းလုံးဟာ ဘယ်လိုပြောမလဲ သယံဇာတပစ္စည်းလည်း ကြွယ်ဝတယ်။ အခုဘာတွေဖြစ်နေလဲ။ သဘာဝပတ်ဝန်းကျင်က ယိုယွင်းပျက်စီးတယ်။ အဲဒီကိစ္စတွေကို အမြန်ဆုံးရပ်စဲနိုင်အောင် ဆရာကြိုးစားမယ်။ ထုတ်လုပ်တာတွေ ဘာတွေအားလုံးဥပဒေနဲ့ ညီမညီ ဆရာကြည့်မယ်။ “လုပ်ချင်တာတခုက သိကြမှာပေါ့ လူငယ်နဲ့ မူးယစ်ဆေးဝါး။ မူးယစ်ဆေးဝါးက ဘယ်လောက်ဖြစ်နေသလဲ။ အဲဒါကို စီမံချက်ချပြီးတော့ကို လုပ်ရမှာ။ အဲဒီလိုလုပ်ဖို့အားလုံးက တို့က ပြည်သူ့ယုံကြည်မှုနဲ့ ပြည်သူ ပူးပေါင်းဆောင်ရွက်မှ တို့နိုင်မှာ၊ တို့ရမှာ။ တို့ပါတီတခုတည်းလုပ်လို့ မရနိုင်ဘူး။ ပါတီအဖွဲ့အစည်းအသီးသီးအားလုံး ပူးပေါင်းဆောင်ရွက်လာချင်အောင် ဆရာတို့က ရှေ့ဆောင်ပြီးတော့ ကောင်းကောင်းမွန်မွန် ဆွဲဆောင်သိမ်းသွင်းသွားရမှာလေ။ အဲလိုလုပ်ဖို့အတွက် ရိုးရိုးသားသားလုပ်ရမယ်၊ ပွင့်လင်းမြင်သာစွာချပြရမယ်။ ပြည်သူရဲ့အသံကို အမြဲတမ်း နားစွင့်နားထောင်နေရမယ်။ ဆရာကတော့ အဲလိုပဲသွားမယ်မှန်းတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024