ကမ္ဘာ့ဖလား ခြေစစ်ပွဲ လက်ဘနွန် ၁ – ၁ မြန်မာ့လက်ရွေးစင်အသင်း (ရုပ်သံဟိုက်လိုက်)

ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားကြတဲ့ လက်ဘနွန် လက်ရွေးစင်အသင်းနဲ့ မြန်မာ့လက်ရွေးစင်အသင်းတို့ ပွဲမှာတော့ ၁ ဂိုးစီ သရေကျသွားခဲ့ပါတယ်။ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ မြူနီစပယ် အားကစားကွင်းမှာ မတ်လ ၂၉ ရက်နေ့က ကျင်းပတဲ့ အဲဒီပွဲမှာ မြန်မာအသင်းဟာ ၇၃ မိနစ်မှာ ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီး ၈၈ မိနစ်မှာ ချေပဂိုး ၁ ဂိုး ပြန်ပေးခဲ့ရပါတယ်။ မြန်မာအသင်း နောက်တန်းကစားသမား ဟိန်းသီဟဇော် နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရသလို လက်ဘနွန်အသင်းသားတဦးလည်း တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ ဒါဟာ ကမ္ဘာ့ဖလားအာရှဇုန် လက်ကျန် နောက်ဆုံးပွဲဖြစ်ပြီး မြန်မာအသင်းဟာ အုပ်စုဂျီမှာ ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၄ ပွဲရှုံး၊ ရမှတ် ၈ မှတ်နဲ့ အဆင့် ၄ မှာ ရပ်တည်ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲက ထွက်ခဲ့ရပါတယ်။ ဒါပေမယ့် အေအက်ဖ်စီရဲ့ သတ်မှတ်ချက်အရ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေမှာ အကောင်းဆုံး အုပ်စုစတုတ္ထရ အသင်းတွေထဲမှာ ပါဝင်ခဲ့လို့ ၂၀၁၉ အာရှဖလားပွဲအတွက် တတိယအဆင့် ခြေစစ်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

More News
Up