အကြမ်းဖက်သမား၏ အိုင်ဖုန်း ဖွင့်နိုင်ခဲ့ပြီဟု အက်ဖ်ဘီအိုင်ပြော

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ မွတ်စလင်အစွန်းရောက်ရဲ့အိုင်ဖုန်းကို Apple ရဲ့ အကူအညီမပါပဲ ဖွင့်နိုင်ခဲ့ပြီး Apple နဲ့ အမှုကိုလည်း ပြန်ရုပ်သိမ်းလိုက်တယ်လို့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (အက်ဖ်ဘီအိုင်)က ပြောဆိုပါတယ်။ ပြီးခဲ့တဲ့လက အဲဒီအကြမ်းဖက်ရဲ့ အိုင်ဖုန်းထဲမှာ လုံခြုံရေးအတွက် အရေးကြီးတဲ့ အချက်အလက်တွေ ရှိနိုင်တယ်ဆိုပြီး ဖွင့်ပေးဖို့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (အက်ဖ်ဘီအိုင်) က တရားရုံးအမိန့်နဲ့ Apple ကုမ္ပဏီကို တောင်းဆိုခဲ့ပေမယ့် Apple က ငြင်းဆန်ခဲ့တာပါ။ အခုတော့ အဲဒီအိုင်ဖုန်းကို အစ္စရေးနည်းပညာကုမ္ပဏီတခုရဲ့ အကူအညီနဲ့ ဖောက်နိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့တပတ်က အစ္စရေးသတင်းစာတစောင်က  ဖော်ပြခဲ့ပြီး အဲဒီကုမ္ပဏီကလည်း အက်ဖ်ဘီအိုင်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ၀န်ခံထားပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဘာဒီနိုမြို့အကြမ်းဖက်တိုက်ခိုက်မှုမှာ အကြမ်းဖက်စုံတွဲ ၂ ဦးတို့က လူ ၁၄ ဦးကို ပစ်သတ်ခဲ့ကြပြီး သူတို့ ၂ ဦးကိုလည်း အမေရိကန်ရဲတပ်ဖွဲ့က အသေပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။ အကြမ်းဖက်တွေရဲ့ မိုဘိုင်းဖုန်းတွေထဲက အချက်အလက်တွေကို ဖောက်ဖျက်ပြီး ရယူနိုင်ခဲ့တဲ့အတွက် ကလေးတွေအပါအ၀င် လူ့အသက်ပေါင်းများစွာကို အကြမ်းဖက်တွေ ရန်ကနေ ကယ်တင်နိုင်ခဲ့တယ်လို့ အက်ဖ်ဘီအိုင်ညွန်ကြားရေးမှူးက ဖုန်းတွေကို လုံခြုံရေး အကြောင်းပြချက်နဲ့ ဖွင့်ဖောက်စစ်ဆေးရတဲ့ကိစ္စကို ကာကွယ်ပြောဆိုခဲ့ပါတယ်။

More News
Up