လျှပ်စစ်ကဏ္ဍတွင် နှစ်စဉ်ဘီလီယံနှင့်ချီ အရှုံးပေါ်
ပိုင်စိုး
·
March 30, 2016
လျှပ်စစ်ကဏ္ဍကို အစိုးရက တာဝန်ယူလုပ်ကိုင်နေရတဲ့အတွက် နှစ်စဉ်ဘီလီယံနဲ့ချီ အရှုံးပေါ်နေပြီး ၅ နှစ်အတွင်းမှာလည်း မျှော်မှန်းသလောက်အကောင်အထည်မဖော်နိုင်ခဲ့ဘူးလို့ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
မတ်လ ၂၈ နဲ့ ၂၉ ရက်တွေမှာ ပြုလုပ်တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောတာလို့ ပြန်ကြားရေး ၀န်ကြီးဌာန ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားပါတယ်။
မြို့နယ် လျှပ်စစ်ရုံးတွေကို အများကြီး ကြပ်မတ်ခဲ့ရပြီး၊ အဝယ်ယူနစ်၊ အရောင်းယူနစ်တွေကို တာဝန် ထမ်းဆောင်ခဲ့တဲ့ကာလအတွင်း စစ်ဆေးခဲ့ရာမှာ အဖြေကောင်း မရခဲ့ဘဲ တချို့ဌာနတွေက အတော်ဆိုရွားခဲ့တယ်လို့ ၀န်ကြီးက ပြောပါတယ်။
ပြီးတော့ အလုပ်များများလုပ်ရင် မှားတတ်ကြောင်းနဲ့ စေတနာအမှားဆိုရင် ခွင့်လွှတ်နိုင်သေးပေမယ့် ကိုယ်ကျိုးရှာအမှားကိုတော့ ခွင့်မလွှတ်နိုင်ဘူးလို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းက ရရှိလာတဲ့ ဓာတ်အားတွေကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ရန်ကုန် လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနဲ့ မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတွေက ၀ယ်ယူပြီး တဆင့် ဖြန့်ဖြူးပေးနေတာပါ။
လာမယ့် အစိုးရသစ်လက်ထက်မှာတော့ လျှပ်စစ်နဲ့ စွမ်အင်ဝန်ကြီးဌာနအဖြစ် ပူးပေါင်းပြောင်းလဲ ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။