လေယာဉ်ပြန်ပေးဆွဲခဲ့သူ လုံခြုံရေးအစစ်ဆေးများ ဖြတ်သန်းခဲ့ပုံ ပြသ (ရုပ်သံ)

2.6K
မတ် ၂၉ ရက်နေ့က အီဂျစ်လေကြောင်းလိုင်းလေယာဉ်တစင်း ဆိုင်းပရစ်နိုင်ငံကို ပြန်ပေးဆွဲခဲ့သူဟာ အသေခံဖောက်ခွဲရေးခါးပတ်အတုနဲ့ ခြိမ်းခြောက်ပြန်ပေးဆွဲခဲ့တာလို့ ဆိုင်းပရက်စ်နဲ့ အီဂျစ်အာဏာပိုင်တွေကပြောဆိုပါတယ်။
အီဂျစ်နိုင်ငံ၊ အလက်ဇန်ဒရီယာမြို့ကနေ ကိုင်ရိုမြို့တော်ကို ပျံသန်းတဲ့ ပြည်တွင်းခရီးစဉ်တခုကို အီဂျစ်နိုင်ငံသားတဦးက ပြန်ပေးဆွဲခဲ့ပြီး စိတ်ဝေဒနာသည်တဦးဖြစ်တယ်လို့လည်း ဆိုင်းပရက်စ်အာဏာပိုင်တွေက ပြောဆိုပါတယ်။
သူ့ရဲ့ရည်ရွယ်ချက်အတိအကျကို လောလောဆယ်အချိန်အထိ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် အကြမ်းဖက်မှုတော့ မဟုတ်ဘူးလို့ ဆိုင်းပရက်စ်သမ္မတက ပြောဆိုပါတယ်။
အီဂျစ်ပြည်ထဲရေးဝန်ကြီးဌာနက လေယာဉ်ပြန်ပေးဆွဲခဲ့သူ လေဆိပ်မှာ လုံခြုံရေးအစစ်အဆေးတွေကို ဖြတ်သန်းနိုင်ခဲ့တဲ့ လုံခြုံရေးကင်မရာရုပ်သံဖိုင်တွေကို ပြသခဲ့ပါတယ်။
ဆိုင်းပရက်စ်နိုင်ငံ၊ လာနာကာလေဆိပ်မှာ လေယာဉ်ပေါ်ပါ ခရီးသည်တွေအားလုံးကို ဆင်းခွင့်ပေးလိုက်ပြီး နောက်ဆုံးမှာ သူကိုယ်တိုင်လည်း ရဲဆီမှာ အဖမ်းခံခဲ့ပါတယ်။
လေယာဉ်ပြန်ပေးဆွဲခဲ့သူ အီဂျစ်နိုင်ငံသားဟာ ဆိုင်းပရက်စ်နိုင်ငံသူ ဇနီးဟောင်းနဲ့ စကားပြောခွင့်တောင်းဆိုခဲ့တယ်လို့ ဆိုင်းပရက်စ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပြီး သူ့မှာ မိသားစုအတွင်းရေးပြဿနာတခုခုနဲ့ လေယာဉ်ပြန်ပေးဆွဲခဲ့တာ ဖြစ်နိုင်တယ်လို့လည်း ဆိုင်းပရက်စ်နိုင်ငံဆိုင်ရာ အီဂျစ်သံအမတ်က ပြောဆိုပါတယ်။ အီဂျစ်ရဲတပ်ဖွဲ့ကတော့ ပြန်ပေးဆွဲသူရဲ့ ဆွေမျိုးတွေကို မေးမြန်းစစ်ဆေးနေကြပါတယ်။
လေယာဉ်စီးခရီးသည်တွေ အားလုံးကိုတော့ သူတို့ရဲ နဂိုမူလခရီးစဉ်ဖြစ်တဲ့ ကိုင်ရိုမြို့တော်ကို အီဂျစ်လေကြောင်းလိုင်းက ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။