အရပ်သားတွေကို စစ်ဖက်တာဝန်တွေ ထမ်းဆောင်ခိုင်း
DVB
·
August 14, 2011
ကချင်ပြည်နယ်အတွင်းက တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသတွေမှာ အရပ်သား ရွာသားတွေကို နယ်မြေခံ အခြေချ စစ်ဗျူဟာကနေ စစ်ဖက်တာဝန်တွေကို ထမ်းဆောင်ခိုင်းတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်အတွင်းက မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေတို့ တိုက်ပွဲတွေဖြစ်နေတဲ့ မိုးကောင်းမြို့ ထုံပေါက်ကျေးရွာ၊ တောင်နီကျေးရွာ၊ မန်ရွက်ကျေးရွာတွေမှာ ဒေသခံရွာသားတွေကို လုံခြုံရေးကင်း စောင့်ခိုင်းတယ်လို့ မိုးကောင်း ဒေသခံ တစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။
တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသမှာ ပြည်သူစစ် မဟုတ်တဲ့ အရပ်သားတွေကို စစ်ဖက်တာဝန် ထမ်းဆောင်ခိုင်းတာဟာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အခြေချစစ်ဗျူဟာ ၂ က လုပ်ခိုင်းနေတာလို့ ဒေသခံတွေက ပြောကြပါတယ်။ တအိမ်ထောင် တယောက်ကျ ကင်းစောင့်ခိုင်းနေပြီး မစောင့်နိုင်တဲ့ အိမ်တွေကိုလည်း အခကြေးငွေ တောင်းယူနေတယ်လို့ အဆိုပါ ဒေသခံက ပြောဆိုသွားပါတယ်။
“မုဆိုးမမို့လို့ ကင်းမစောင့်နိုင်ရင် တအိမ်ကို ၂၀၀၀ ကောက်တယ်ဗျ။ ယောက်ျားရှိတဲ့ အိမ်ကတော့ ကင်းစောင့်ရတယ်ဗျာ။ ပြည်သူ့စစ်တွေက စစ်သင်တန်းတွေ တက်ထားပြီးသား ဒါပေမယ့် သူတို့ ပြည်တွင်းစစ်က ကင်းကို မစောင့်ဘဲနဲ့”
မိုးကောင်းမြို့နယ်အတွင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ လက်အောက်ခံ တပ်ရင်း ၅ နဲ့ တပ်ရင်း ၆ ရှိနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေ အပြောအရ သိရပါတယ်။