ထိုင်ဝမ်ကလေးငယ်ကို မြေအောက်ရထားဘူတာရုံတွင် ခေါင်းဖြတ်သတ်မှု ဖြစ်ပွား

လူသတ်တရားခံ (လယ်) အား ဖမ်းဆီးခေါ်ဆောင်လာစဉ်။ (ဓာတ်ပုံ - ရိုက်တာ)
1.4K
ထိုင်ဝမ်နိုင်ငံမြို့တော် တိုင်ပေမှာ မတ်လ ၂၈ ရက်နေ့က အရွယ်မရောက်သေးတဲ့ ကလေးငယ်တဦး မြေအောက်ရထားဘူတာရုံတခုမှာ ခေါင်းဖြတ်သတ်ခံခဲ့ရပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ရဲတွေက ဒါဟာ သာမန် မတော်တဆသတ်ဖြတ်မှု ဖြစ်တယ်လို့ ပြောပြီးနောက်မှာ ပြည်သူတွေဟာ အံ့သြတုန်လှုပ်ခဲ့ကြရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ထိုင်ဝမ်ရဲဌာန သတင်းထုတ်ပြန်ချက်မှာ အသတ်ခံရတဲ့ ကလေးငယ် လျူဟာ သူ့ရဲ့မိခင်ဖြစ်သူနဲ့အတူ ဆွေမျိုးတွေနဲ့ တွေ့ဆုံဖို့ မြေအောက်ရထားဘူတာရုံကို သွားခဲ့ချိန်မှာ အသတ်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
အသက် ၃၃ နှစ်အရွယ် ၀မ်အမည်ရတဲ့ အမျိုးသားဟာ ကလေးမိခင်အပေါ် သြဇာလွှမ်းမိုးပုံရပြီး ကလေးငယ်ကို လူမြင်ကွင်းမှာ မီးဖိုချောင်သုံးဓား အသုံးပြုပြီး ခေါင်းဖြတ်သတ်ခဲ့တာပါ။
“မိခင်ဖြစ်သူဟာ သမီးငယ်နဲ့အတူ ၀မ်ရှိရာဆီကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် ၀မ်က သူ့ထက်အင်အားကြီးတာမို့ သူ့ကိုဆွဲပြီး ပြန်ခေါ်နိုင်ခဲ့တာပါ။ ကလေးငယ်ကတော့ နေရာမှာတင် အသတ်ခံခဲ့ရပါတယ်” လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
အသတ်ခံရသူ ကလေးငယ်ရဲ့ အသက်အရွယ်ကို ရဲတွေက ထုတ်ဖော်မပြောပေမယ့် ထိုင်ဝမ်နိုင်ငံတွင်း သတင်းတွေမှာတော့ ၄ နှစ်အရွယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။
ရဲတွေက ၀မ်ဟာ အရင်ကလည်း မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ အမှုတွေနဲ့ ပြစ်မှုကျူးလွန်တဲ့ ရာဇ၀င်ရှိခဲ့ဖူးသူ ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်ဝမ်အက်ပဲလ်ဒေးလီးသတင်းမှာတော့ ၀မ်ဟာ စိတ်ကျန်းမာရေးအခြေအနေ ချို့တဲ့သူဖြစ်ပြီး အလုပ်လက်မဲ့တဦးဖြစ်ကာ မိဘတွေနဲ့အတူ နေထိုင်တယ်လို့ ဖော်ပြပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး နှံ့နှံ့စပ်စပ် ကိုင်တွယ်ဖြေရှင်းဖို့ ထိုင်ဝမ်သမ္မတ မာရင်ဂျူက မတ်လ ၂၈ ရက် ညနေပိုင်းမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။