စစ်သွေးကြွဆန့်ကျင်ရေး အဖွဲ့ဝင် မွတ်စလင်နိုင်ငံများမှ စစ်ဘက်အကြီးအကဲများ တွေ့ဆုံ

ဓာတ်ပုံ - အေအက်ဖ်ပီ
နိုင်ငံပေါင်း ၃၄ နိုင်ငံကြား လတ်တလော ဖွဲ့စည်းလိုက်တဲ့ စစ်သွေးကြွဆန့်ကျင်ရေး အစ္စလာမ္မစ် မဟာမိတ်အဖွဲ့ထဲက အဖွဲ့ဝင် မွတ်စလင်နိုင်ငံတွေက စစ်ဘက်အကြီးအကဲတွေ မတ် ၂၇ ရက်နေ့က ဆော်ဒီအာရေဗျနိုင်ငံရဲ့ မြို့တော်မှာ တွေ့ဆုံခဲ့ပါတယ်။ အစ္စလာမ္မစ် မဟာမိတ်တပ်ရဲ့ အစည်းအဝေးအတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး အဖွဲ့ဝင်နိုင်ငံတွေရဲ့ အားထုတ်မှုတွေကို ညှိနှိုင်းဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်။ ညီညွတ်တဲ့ မွတ်စလင်တွေကို တည်ထောင်ဖို့ ဒီအဖွဲ့ကို ဖွဲ့စည်းကြောင်း ဆော်ဒီ ကာကွယ်ရေးဝန်ကြီး မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ကြေညာခဲ့တာပါ။ ဒီမဟာမိတ်အဖွဲ့က သတင်းအချက်အလက်တွေ၊ သင်တန်းတွေ၊ ပစ္စည်းကိရိယာတွေကို မျှဝေမှာဖြစ်ပြီး အိုင်အက်စ် စစ်သွေးကြွတွေနဲ့ အယ်လ်ကိုင်းဒါးလို စစ်သွေးကြွတွေကို တိုက်ဖို့ လိုအပ်မယ်ဆိုရင် တပ်ဖွဲ့တွေကိုပါ ပံ့ပိုးမယ်လို့ တည်ထောင်ချိန်က ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အဖွဲ့ ဖွဲ့စည်းမှုကို အမေရိကန်ကလည်း ကြိုဆိုပါတယ်။ အီရတ်နဲ့ ဆီးရီးယားမှာ ကျယ်ပြန့်တဲ့ ပိုင်နက်ကို ထိန်းချုပ်ထားတဲ့ အိုင်အက်စ် စစ်သွေးကြွတွေကို နှိမ်နင်းမယ့် လှုပ်ရှားမှုမှာ ဒေသတွင်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ကြဖို့ အမေရိကန်က တိုက်တွန်းခဲ့ပါတယ်။ အိုင်အက်စ်တွေဟာ ကူဝိတ်နဲ့ ဆော်ဒီအာရေဗျက လုံခြုံရေးတပ်တွေနဲ့ ရှီးယိုက်မွတ်စလင် ဗလီတွေကို အတွဲလိုက် တိုက်ခိုက်မှုတွေ တိုးလုပ်ခဲ့ပြီး ပင်လယ်ကွေ့ဒေသ ဘုရင်စနစ်ကို ဖျက်သိမ်းမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ မဟာမိတ်အဖွဲ့ထဲမှာ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ ဂျော်ဒန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ပါကစ္စတန်၊ ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘီနင်း၊ တူရကီ၊ ချဒ်၊ တိုဂို၊ တူနီးရှား၊ ဂျီဘောင်တီ၊ ဆီနီဂေါ၊ ဆူဒန်၊ ဆီရီယာလီယွန်၊ ဆိုမာလီယာ၊ ဂေဘွန်၊ ဂီနီ၊ ပါလက်စတိုင်း၊ ကိုမိုရော့စ်၊ ကာတာ၊ ကုဒ် ဒ အိုင်ဗိုရီ၊ ကူဝိတ်၊ လက်ဘနွန်၊ လစ်ဗျား၊ မော်လ်ဒိုက်၊ မာလီ၊ မလေးရှား၊ မော်ရိုကို၊ မော်ရစ်တာနီးယား၊ နိုက်ဂျာ၊ နိုင်ဂျီးရီးယားနဲ့ ယီမင်နိုင်ငံတို့ ပါဝင်ပါတယ်။

More News
Up