အမူးသမားလူနာကို လက်သီးဖြင့် ထိုးသတ်သည့်ဆရာဝန် ထောင်ဒဏ် ၉ နှစ် ကျခံရ (ရုပ်သံ)

ရုရှားနိုင်ငံသား ဆရာဝန်တဦးဟာ အရက်သောက်ထားတဲ့ လူနာတဦးကို လက်သီးနဲ့ တချက်တည်းထိုးခဲ့လို့ သေသွားခဲ့တဲ့အတွက် ထောင်ဒဏ် ၉ နှစ် ကျခံရမှာဖြစ်တယ်လို့ မေရာသတင်းမှာ ဒီနေ့ ဖော်ပြလိုက်ပါတယ်။ အသက် ၃၂ နှစ်အရွယ် အီလ်ယာဇီလန်ဒီနော့ဗ်အမည်ရ အဲဒီဆရာဝန်ဟာ ရုရှားနိုင်ငံတောင်ပိုင်းမြို့တော်၊ ဘဲလ်ဂိုရော့ဒ်မြို့ ဆေးရုံတရုံမှာ အလုပ်လုပ်နေတာဖြစ်ပြီး ခုအဖြစ်အပျက်ကို စီစီတီဗွီကင်မရာမှတဆင့် ဖမ်းယူရရှိခဲ့တာပါ။ သေဆုံးသွားတဲ့ လူနာဟာ အသက် ၅၇ နှစ်အရွယ် ရက်ဗ်ဂန်နီဗက်တင် ဆိုသူဖြစ်ပြီး ဆေးရုံကို အရက်အလွန်အကျွံ သောက်သုံးထားခဲ့လို့ အစာအိမ်သွေးလွန်ရောဂါနဲ့ ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ဇီလန်ဒီနော့ဗ်ဟာ ဆေးကုသခန်းတွင်း ၀င်ရောက်လာကာ ကုတင်ပေါ်မှ အပေါ်ပိုင်းဗလာကျင်းနဲ့ လူနာ ဗက်တင်ကို “မင်း ဘာလို့ ငါ့ရဲ့နာ့စ်ကို ထိရတာလဲ” လို့ အော်ဟစ်ပြီး အခန်းပြင်ကို ဒေါသတကြီး ဆွဲထုတ်ခဲ့တာကို တွေ့ရပါတယ်။ သူဟာ ဗက်တင်ကို အခန်းပြင်ဆွဲထုတ်လာခဲ့ပြီး ဦးခေါင်းကို လက်သီးနဲ့ တချက်တည်းထိုးခဲ့ကာ အနီးနားက ဖျန်ဖြေသူ အမျိုးသားတဦးကိုလည်း ထိုးနှက်ခဲ့တာပါ။ ဗက်တင်ဟာ အရှိန်နဲ့ လဲကျသွားခဲ့ကာ ကြမ်းပြင်နဲ့ နောက်စေ့ ရိုက်မိပြီး မကြာခင်ပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ တရားရုံးချုပ်က ဇီလန်ဒီနော့ဗ်ကို ဆရာဝန်ကျင့်ဝတ်နဲ့ မညီဘဲ ပြုမူခဲ့တဲ့အတွက် ဆေးကုသခွင့် ၃ နှစ် ရပ်ဆိုင်းလိုက်တာပါ။ ဇီလန်ဒီနော့ဗ်က နောက်ပိုင်းမှာ သူ့အပြုအမူအတွက် စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြခဲ့ပြီး ဗက်တင်ရဲ့ နာရေးကိစ္စကို တာဝန်ယူခဲ့ပါတယ်။ ဒီရုပ်သံဖိုင်ဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ် ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ ခုလို ရန်စတိုက်ခိုက်မှုဟာ အများပြည်သူကြား ဝေဖန်စရာ ဖြစ်လာခဲ့တာပါ။

More News
Up