Home
မြန်မာသတင်း
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအတည်ပြု
DVB
·
March 28, 2016
အဖွဲ့ဝင် ၉ ဦးပါ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ကို လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးနဲ့ သမ္မတအဖြစ် ရွေးကောက်ခံရသူတို့က တပ်မတော်သားကိုယ်စား လှယ်ရဲ့ ကန့်ကွက်ချက်အပေါ် တုန့်ပြရှင်းလင်း မဲခွဲခဲ့ပြီးတဲ့နောက် အတည်ပြုပါတယ်။ ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တပ်မတော်သားကိုယ်စားလှယ်တဦးရဲ့ ကန့်ကွက်အဆိုအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေအကိုးအကားနဲ့ ပြန်လည်ဖြေရှင်းခဲ့ပြီး နောက် မဲခွဲအတည်ပြုခဲ့ကြတာပါ။ ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်းသန်းက “နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားတဲ့ ၁။ ဦးညီညီ ၂။ ဦးမြင့်ဝင်း ၃။ ဦးမျိုးမြင့် ၄။ ဦးမျိုးညွန့် ၅။ ဦးခင်မောင်ချို ၆။ ဒေါ်ခင်ဌေးကြွယ် ၇။ ဦးတွာလ်ကျင်ပေါင် ၈။ ဒေါ်လှမျိုးနွယ် ၉။ ဦးကျော်ဆန်းတို့ ၉ ဦးကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များအဖြစ် လည်းကောင်း၊ ၎င်းတို့အနက်မှ ဦးမျိုးညွန့်ကို  နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌအဖြစ်လည်းကောင်း ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၈ နှင့်အညီ ကြေညာပါတယ်။”လို့ ကြေညာပါ တယ်။ ဒီခုံရုံးအဖွဲ့ဝင်တွေကို နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တို့က ၃ ဦးစီရွေးချယ်ပြီး ပြည်ထောင်စုလွှတ်တော်ထံပေးပို့ အတည်ပြုချက်ရယူတာဖြစ်ပါတယ်။ အတည်မပြုခင်မှာ တပ်မတော်ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး ထွန်းလင်းဦးက နိုင်ငံတော် အဆင့်ဖြစ်တဲ့ ခုံရုံးအဖွဲ့ဝင် ဒေါ်ခင်ဌေးကြွယ်နဲ့  ဦးတွာလ်ကျင်ပေါင်တို့ရဲ့ အရည်အချင်း ဖော်ပြချက်တွေဟာ မပြည့်စုံတဲ့အတွက် ပြန်လည်စိစစ်ပေးဖို့ ကန့်ကွက်အဆိုတင်သွင်း ခဲ့ပါတယ်။ ဒေါ်ခင်ဌေးကြွယ်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ရွေးချယ်ပြီး ဦးတွာလ်ကျင်ပေါင်ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။ ဗိုလ်မှူးကြီး ထွန်းလင်းဦးက “၎င်းတို့ ၂ ဦးရဲ့ကိုယ်ရေးအချက်အလက်များကို ပြည့်စုံအောင် ဖြည့်သွင်းကာ ပြည်ထောင်စုလွှတ်တော်သို့ ထပ်မံတင်ပြသင့်ပါကြောင်းနှင့် သတ်မှတ်အရည် အချင်းများနှင့် ကိုက်ညီပါက ထောက်ခံသွားမည်ဖြစ်ပါကြောင်း လေးစားစွာ အဆိုတင်သွင်းအပ်ပါ တယ်ခင်ဗျာ။” ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်အရတော့ သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင် အဖြစ် အဆိုပြုပြီး လွှတ်တော် ၂ ရပ်က ဥက္ကဋ္ဌတွေက ရွေးချယ်လိုက်တဲ့ပုဂ္ဂိုလ်ကို ကန့်ကွက်မယ် ဆိုရင် ခိုင်လုံတဲ့သက်သေအထောက်အထားတွေ ပူးတွဲတင်ပြရမှာဖြစ်ပြီး ပူးတွဲမတင်ပြနိုင်ရင် ကန့်ကွက်နိုင်ခြင်း မရှိပါဘူး။ ဒါပေမယ့် ပြည်ထောင်စုလွှတ်တော်နာယကက ခိုင်လုံတဲ့သက်သေအထောက်အထား ပူးတွဲ တင်ပြနိုင်ခြင်းမရှိတဲ့ ဗိုလ်မှူးကြီး ထွန်းလင်းဦးရဲ့ ကန့်ကွက်အဆိုကို လွှတ်တော်မှာ တင်ပြခွင့်ပြုခဲ့ ပါတယ်။ တပ်မတော်သားကိုယ်စားလှယ် အဆိုပြုဆွေးနွေးအပြီးမှာ ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မတွေကို ကိုးကားပြီး ခိုင်လုံတဲ့သက်သေ အထောက်အထားတွေမပါဝင်ဘူးလို့  ပြန်လည်ရှင်းလင်းခဲ့ပါတယ်။ ထူးခြားမှုအဖြစ် ပြည်ထောင်စုလွှတ်တော်တွင်း ဖြစ်စဉ်ကို စောင့်ကြည့်နေတဲ့ ရွေးကောက်ခံ သမ္မတ ဦးထင်ကျော်က မိနစ်ပိုင်းအတွင်းမှာ  ပြည်ထောင်စုလွှတ်တော်နာယကထံ စာပေးပို့ပြီး အဆိုပြုသူ ၉ ဦးကို ခန့်အပ်တာဝန်ပေးအပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယကဦးမန်းဝင်းခိုင်သန်းက “ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတက  နာယကဖြစ်သူ ကျနော့်ထံ စာတစောင် ပေးပို့ထားပါတယ်။ ကျနော်လွှတ်တော်ကိုယ်စားလှယ်များသိအောင် အနည်းငယ်ဖတ်ပြပါမယ်။ သို့ - နာယက ပြည်ထောင်စုလွှတ်တော်၊ ရက်စွဲ ၂၀၁၆ ခုနှစ် မတ်လ ၂၈ ရက်။ အကြောင်းအရာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံးရုံးကိစ္စ။ ၁။ ရွေးကောက်တင်မြှောက်ခံရသော နိုင်ငံတော်သမ္မတ၊ ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၃၃ တွင် ပြဌာန်းထားသော အရည်အချင်းနှင့်ပြည့်စုံသူများကို နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရန် အမည်စာရင်း တင်သွင်းခဲ့ပါသည်။ ၂။ ယခုအခါ တပ်မတော်သားကိုယ်စားလှယ်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်သော သုံးဦးထဲမှ ဒေါ်ခင်ဌေးကြွယ်ကိုလည်းကောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်သော သုံးဦးထဲမှ ဦးတွာလ်ကျင်ပေါင်ကိုလည်းကောင်း ကန့်ကွက်ကြောင်း သိရှိရပါ သည်။ ၃။ သို့ပါ၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၈ တွင် ပြဌာန်းထားသော နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်၏ အရည်အချင်းနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတက စုစည်းအမည်စာရင်း တင်သွင်းထားသည့် ပုဂ္ဂိုလ်များအား နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရ’ ဟူသည်နှင့်အညီ ရွေးကောက်တင်မြှောက်ခံရသော နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းထားသည့် ခုံရုံးအဖွဲ့ဝင် ၉ ဦးကို ပြည်ထောင်စု လွှတ်တော်က သဘောတူပေးပါရန် တင်ပြအပ်ပါသည်။ ထင်ကျော် (ရွေးကောက် တင်မြှောက်ခြင်း ခံရသော သမ္မတ’ လို့ ဖော်ပြထားပါတယ်။ ’ လို့ဖတ်ကြားပါတယ်။ ဒီနောက် ပြည်ထောင်စုလွှတ်တော်နာယကက သူ့အနေနဲ့ ဖွဲ့စည်းပုံပါ ပြဌာန်းချက်အရ ဒီအဆိုကို ပယ်လို့ရကြောင်းနဲ့  ပွင့်လင်းမြင်သာအောင်ဆောင်ရွက်မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီနောက် ဒေါ်ခင်ဌေးကြွယ်ကိုရွေးချယ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နဲ့ ဦးတွာလ်ကျင်ပေါင်ကို ရွေးချယ်တဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းတို့က တပ်မတော်သားကိုယ်စားလှယ်ရဲ့ ကန့်ကွက်ချက်မှာ ခိုင်လုံတဲ့သက်သေအထောက်အထား ပူးတွဲတင်ပြနိုင်ခြင်းမရှိကြောင်း အပါအ၀င် ဥပဒေအကိုးအကားစုံလင်စွာနဲ့ ရှင်းလင်းခဲ့ကြပါ တယ်။ ဒီနောက်မှာ ပြည်ထောင်စုလွှတ်တော်က နာယက ဦးမန်းဝင်းခိုင်သန်းက အမျိုးသားပြန်လည် သင့်မြတ်ရေးကို ရှေးရှုပြီး တပ်မတော်သားကိုယ်စားလှယ်ရဲ့ ကန့်ကွက်အဆိုကို ဆွေးနွေးသင့်၊ မဆွေးနွေးသင့် မဲခွဲဆုံးဖြတ်ရာမှာ မဆွေးနွေးသင့်ဘူးလို့ ကိုယ်စားလှယ် ၃ ပုံ ၂ ပုံကျော်က ဆုံးဖြတ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနဲ့ ဥက္ကဋ္ဌကို အတည်ပြုကြောင်း ကြေညာခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ မဲပေးသူ ၆၄၆ ဦးရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၃၉၀ ဦး၊ ပြည်ထောင်စုလွှတ်တော်မှာ ၁၆၆ ဦးရှိပါတယ်။ ကျန်ကိုယ်စားလှယ်တွေက ပြည်ခိုင်ဖြိုးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အခြား၊ တသီးပုဂ္ဂလိက တို့ပါဝင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024