Home
မေးမြန်းခန်း
ပထမဦးဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာတဲ့ ဒေါ်နန်းခင်ထွေးမြင့်နှင့် မေးမြန်းချက်
နော်နိုရင်း
·
March 28, 2016
သမ္မတအဖြစ် ရွေးကောက်ခံထားရသူ ဦးထင်ကျော် လက်မှတ်ထိုး အတည်ပြုထားတဲ့ ပြည်နယ်တိုင်းလွှတ်တော်အသီးသီးမှာ အန်အယ်လ်ဒီက တင်သွင်းတဲ့ ၀န်ကြီးချုပ် အမည်စာ ရင်းတွေမှာ အမျိုးသမီးဝန်ကြီးချုပ် ၂ ဦးပါဝင်ပါတယ်။ သူတို့တွေကတော့ ကရင်ပြည်နယ် အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဒေါ်နန်းခင်ထွေးမြင့်နဲ့ တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် မဲဆန္ဒနယ်က (၁) တိုင်းဒေသကြီးလွှတ်တော် အန်အယ်လ်ဒီပါတီကိုယ်စားလှယ် ဒေါက်တာ လဲ့လဲ့မော် ဖြစ်ပါတယ်။ မြန်မာ့သမိုင်းမှာ ပထမဦးဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာတဲ့ ဒေါ်နန်းခင်ထွေးမြင့် အနေနဲ့ သူ့ရဲ့ ၀န်ကြီးချုပ်ကာလမှာ ဘာတွေလုပ်လုပ်ဆောင်မလဲဆိုတာကို မေးမြန်းထားပါတယ်။ ၀န်ကြီးချုပ်စာရင်းမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ နာမည်စာရင်းမှာ ပါတာတွေရတယ်။ အဲဒါကို အတည်ပြုလိုက်ပြီးလား။ “ပြုလိုက်ပါပြီ။ ဒီကနေ့ အန်တီတို့ ပြည်နယ်လွတ်တော်ကနေ အတည်ပြုလိုက်ပြီ။ ကန့်ကွက်တဲ့သူ မရှိဘူးပေါ့ကွယ်။” အန်တီကို ၀န်ကြီးချုပ်အနေနဲ့ ရွေးလိုက်တာက အရင်ကတည်းက အန်အယ်လ်ဒီပါတီကနေ အကြောင်းကြားထားတာမျိုးတွေ ရှိလား။ “အန်တီတို့ကို အကြောင်းတော့ မကြားဘူး သမီးရယ်။ ဒါပေမယ့်လည်း လုပ်နေတဲ့လူကလည်း ဒီလူတွေပဲဆိုတော့ ကိုယ်ဟာကိုယ်တော့ စိတ်ထဲမှာ ဒီဖက်မှာဆိုရင်တော့ ငါများဖြစ်မလားပေါ့။ ” ကရင်ပြည်နယ် ၀န်ကြီးချုပ်အနေနဲ့ လုပ်ဆောင်ရမယ်ဆိုရင် အန်တီအနေနဲ့ ရှေ့ပြေး ဘာတွေ လုပ်ဆောင်မလဲ နည်းနည်းပြောပြပါဦး။ “ကရင်ပြည်နယ်ကတော့ သိတဲ့တိုင်းပဲ၊ အန်တီတို့ တွေ့ရမယ့်ဟာတွေတော့ အများကြီးပဲ။ ဒါပေမယ့် အန်တီတို့ ဗဟိုနဲ့ညှိထားတဲ့အတိုင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြောရမယ်ဆိုရင် ပညာရေး၊ ကျန်းမာရေးက အဓိက ဒါအန်တီတို့ ပြောစရာ မလိုတော့ဘူး။ ဒါလုပ်ကို လုပ်ရမှာ။ မူးယစ်ဆေးဝါးတို့ ပြီးတဲ့အခါကျရင် အန်တီတို့ပြည်နယ်မှာ လက်ရှိ လူတွေရင်ဆိုင် တွေ့ကြုံနေရ တဲ့ အခက်အခဲတွေ အမျိုးမျိုးပဲရှိကြတယ်။ အဲတော့ အဲဒီဟာတွေကိုလည်း အန်တီတို့က ဖြေရှင်း ပေးရမယ်။ ရှေ့ဆက်ပြီး အန်တီတို့ ပြည်နယ်တိုးတက်ဖို့က ကြိုးစားရဦးမယ်။ အန်တီတို့က အများစုက ဖွံ့ဖြိုးရေးအတွက် လာမယ့်ဟာတွေ အများကြီး၊ ပြီးတော့ စီမံကိန်း လျာထားချက်တွေ ဘာတွေရှိတယ်။ အဲဒါတွေကို ပြန်ကြည့်ပြီးတော့မှ ဘယ်ဟာကို အရင် သေချာလုပ်မလဲဆိုတာ။ ကိုယ့်ဟာကိုယ်တော့ ရက် ၁၀၀ အတွင်း ထူးထူးခြားခြား ပြောင်းလဲနိုင်အောင် ကြိုးစားမယ် လို့တော့ စိတ်ကူးထားတာပေါ့နော်။” အထူးသဖြင့် ဒီကရင်ပြည်နယ်ထဲမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း အများကြီးရှိတယ်။ တချို့ကလည်း ငြိမ်းချမ်းရေးယူထားတာရှိတယ်။ တချို့ကလည်း မယူသေးတဲ့ အဖွဲ့တွေကလည်း ရှိတယ်။ လက်နက်ကိုင်ပဋိပက္ခတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး အန်တီ ၀န်ကြီးချုပ်လုပ်ဆောင်မယ့် ကာလအတွင်းမှာ ဘာတွေ လုပ်ဆောင်ပေးမလဲရှင်။ “အန်တီတို့ ရွေးကောက်ပွဲဝင်ကတည်းက အန်တီတို့ ကြွေးကြော်သံတွေရှိတယ်။ ငြိမ်းချမ်းရေးက အန်တီတို့အတွက်လည်း အဓိက ပဲလေ။ အထူးသဖြင့် အန်တီတို့ ကရင်ပြည်နယ်ဆိုရင် ပိုပြီး တော့ ငြိမ်းချမ်းရေးက ပိုအဓိက ကျတယ်။ အဲတော့ ရှေ့မှာလည်းပြောထားပြီးတော့ လက်မှတ် ထိုးထားတဲ့ဟာတွေ ရှိတယ်။ တချို့တ၀က်ပေါ့နော်။ နောက်အန်တီတို့ လက်ထက်ကျမှပဲ ဆက်ပြီး စကားပြောမယ့်လူတွေလည်း ရှိတာပဲ။ အန်တီကတော့ အန်တီတို့တွေ့ရမယ့် လက်နက်ကိုင် အဖွဲ့အစည်းတွေကို အန်တီတို့အတွက် နံပတ် ၁ ကတော့ စိတ်ရင်းစေတနာမှန်နဲ့ ရိုးရိုးသားသား နဲ့ တယောက်နဲ့တယောက် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း အန်တီတို့ စတင်ဆက်ဆံ ပြောဆို မှာပဲလေ။ ယုံကြည်မှုရအောင် ရယူသွားကြမှာပေါ့နော်။ ဘာလို့လည်းဆိုတော့ သူတို့လည်း စစ်မတိုင်ချင်တော့ဘူး။ ကရင်ပြည်နယ် တိုးတက်ဖို့အတွက် သူတို့လည်း လုပ်ပေးချင်တယ်။ အန်တီတို့ကလည်း ဒါကိုတူတူ ပူးပေါင်းလုပ်ဖို့လည်း သူတို့ကို ကြိုဆိုတာ ပေါ့နော်။ အခုမှ အန်တီတို့က သူတို့နဲ့ တွေ့ပြီးမှ ပြောရမယ့်စကားတွေ၊ ဟိုတုန်းက အန်တီတို့က လေ့လာသူ အဖြစ်နဲ့ပဲတွေ့ရတာလေ။ အခုမှ အန်တီတို့က ပွင့်ပွင့်လင်းလင်းပြောရ တော့မှာ။ ဆိုတော့ အန်တီတို့လည်း ဒါတွေက ပြောမှာပါ။” လက်ရှိအန်တီ့အနေနဲ့က ကရင်ပြည်နယ်အတွင်းမှာ ဘာပြဿ နာတွေရှိလဲ အန်တီ ၀န်ကြီးချုပ် လက်ထက်မှာ ဘာတွေကို ဦးစာပေး ဖြေရှင်းဖို့ ရည်ရွယ်ထားလဲ။ “အခုနပြောသလို ငြိမ်းချမ်းရေးက အန်တီတို့အတွက် အဓိက ကျပါတယ်။ နောက် လူငယ်တွေ ထဲမှာ အင်မတန်မှ အန္တရာယ်များတဲ့ မူးယစ်ဆေးလည်း လုပ်ရမှာပဲ။ မူးယစ်ဆေးနဲ့ပတ်သက်ပြီး ပြောရင်သာ လွယ်တယ်။ အန်တီတို့ ကိုင်တွယ်ရမှာ အင်မတန်မှ ခက်တယ်။ အန္တရာယ် များတယ်။ နောက်တခု ပြောမယ်ဆိုရင် အခုလက်ရှိရင်ဆိုင်နေရတဲ့ အယ်လ်နီညို ရာသီဥတုပေါ့။ အန်တီတို့ဆီမှာ အရင်တုန်းက ရေရှားပါမှုက တော်တော်မရှိဘူး။ အခုက ရေခန်းတယ်၊ ခန်းတယ်ဆိုပြီး လာပြောနေတဲ့သူတွေ အန်တီတို့မှာ များလာပြီ။ ဆိုတော့ အန်တီတို့က ရေရှည်ကြီးကို ကြည့်နေသလိုပဲ အခု လက်ငြင်းဖြစ်နေတဲ့လူတွေကိုလည်း ပြေလည်အောင် ဘယ်လိုလုပ်ရမလဲဆိုတာလည်း စဉ်းစားပေးရမယ်။ ” အရင်ဝန်ကြီးလက်ထဲမှာ လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းထက် အန်တီ့လက်ထဲမှာ ဘာတွေ ပိုပြီးကောင်း အောင်လုပ်ဆောင်နိုင်မယ်လို့ထင်လဲ။ “အန်တီကတော့ အကုန်လုံး သူတို့ထက်ကောင်းအောင် လုပ်နိုင်မယ်လို့ အန်တီကိုယ် ယုံကြည်တယ်။” အခုတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေထဲမှာ အရွေးခံရတဲ့ ၀န်ကြီးချုပ်တွေထဲမှာ အမျိုးသမီး ၂ ယောက်ပါတယ်ပေါ့နော်။ ပြောရမယ်ဆိုရင် မြန်မာ့နိုင်ငံရေးသမိုင်းမှာ အမျိုးသမီးဝန်ကြီးချုပ်က ဒါ ပထမဆုံး နေရာရတာဖြစ်တယ်။ အဲတော့ အမျိုးသမီးတယောက်အနေနဲ့ အမျိုးသမီးကဏ္ဍ အတွက် ဘာတွေ လုပ်ဆောင်ပေးဖို့ရှိလဲရှင်။ “အန်တီကတော့ အမျိုးသမီးတွေကို အန်တီတို့လုပ်ခဲ့တဲ့ဟာတွေကို သူတို့ကို ပြပြီးတော့ သူတို့တွေလည်းအန်တီတို့လို လုပ်ရဲ၊ ကိုင်ရဲလာအောင်၊ သူတို့ကိုယ်သူတို့ ယုံကြည်မှုတွေ များလာအောင် တဖြည်းဖြည်းနဲ့ နိုင်ငံရေးထဲမှာ စိတ်ဝင်စားမှုတွေများလာအောင် အန်တီ ဖြစ်စေချင်တာပေါ့နော်။ အဲတော့ အန်တီတွေ့တဲ့အခါတိုင်းမှာ ငါလည်းအမျိုးသမီးတယောက်ပဲ တချိန်တုန်းက အဲလို နေခဲ့ရတယ်။ အခုလည်း ဒီလိုဖြစ်အောင် ကြိုးစားလို့ရတယ်။ ကြိုစားရင် အမျိုးသမီး၊ အမျိုးသားမှမဟုတ်ဘူး။ ကိုယ်လုပ်ချင်တဲ့ ရည်မှန်းချက်ကို ရအောင်လုပ်နိုင်တယ် ဆိုတာ အန်တီက အဲလို ပြပေးလို့ရှိရင် အမျိုးသမီးတွေ အားရှိလာမယ်လို့ ထင်ပါတယ်။ ” တခြားအန်တီဖြည့်စွက်ပြောချင်တာ ဘာရှိဦးမလဲ။ “အန်တီက အန်တီပြည်နယ်ကလူတွေကို ဖြည့်စွက်ပြီးပြောချင်တာက အန်တီတို့လာတဲ့နေရာမှာ ဖြောင့်ဖြူးမယ်လို့ မထင်ပါဘူး။ အန်တီတို့ အခက်အခဲတွေ အများကြီးတွေ့ရမယ်။ အန်တီတို့ကို ပိတ်ပင်ချင်တဲ့လူတွေရော၊ အမျိုးမျိုး ခြေထိုးမယ့်သူတွေက တပုံကြီးရှိမှာလေ။ အပြောင်းအလဲကို လူတိုင်းလိုချင်တာမှမဟုတ်တာ။ အပြောင်းအလဲကို လိုချင်တဲ့သူတွေရှိသလို မလိုချင်တဲ့လူတွေ လည်း ရှိတာပဲလေ။ အဲတော့ အန်တီတို့ ပြည်နယ်က လူတွေက ဒါကို နားလည်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရကို ၀ိုင်းပြီးကူညီပံ့ပိုးပေးပါ။ တယောက်နည်းနည်း ၀ိုင်းပြီး ပံ့ပိုးပေးမယ်ဆိုရင် လုပ်ရကိုင်ရတာ ပိုပြီးတော့ အရှိန်အဟုန်နဲ့ လုပ်လို့ရမယ်။ ပိုပြီးတော့ ထိထိရောက်ရောက်ဖြစ်မယ်လို့ အန်တီကတော့ လူထုကိုလည်း ပြောချင်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024