Thursday, June 8, 2023
HomeLead Storyအမေရိကန်နဲ့ ကျူးဘား တံခါးပြန်အဖွင့်နဲ့ ကြက်ဥအရောင်

အမေရိကန်နဲ့ ကျူးဘား တံခါးပြန်အဖွင့်နဲ့ ကြက်ဥအရောင်

အမေရိကန်သမ္မတ ဘားရက် အိုဘားမားကတော့ သူ့ရဲ့ နှစ်ပေါင်း ၉၀ နီးပါးအတွင်း အမေရိကန်သမ္မတတယောက်ရဲ့ ပထမဆုံး ကျူးဘားနိုင်ငံခရီးစဉ်ကို “သမိုင်းဝင် အခွင့်အလမ်း” လို့ ခေါ်လိုက်ပါတယ်။

သူ့ရဲ့ သုံးရက်ကြာ ကျူးဘားနိုင်ငံခရီးစဉ်ဟာ ၁၉၅၉ ခုနှစ်မှာ အမေရိကန်က ကျောထောက် နောက်ခံ ပေးထားခဲ့တဲ့ ကျူးဘားအာဏာရှင် ဖူဂျင်းဆီရို ဘာရစ်စတာကို ကွန်မြူနစ်တော်လှန်ရေး ခေါင်းဆောင် ဖီဒဲလ် ကတ်စ်ထရိုက ဖြုတ်ချပစ်လိုက်တဲ့ အချိန်ကစ တင်းမာပြီး တစစ အေးခဲလာခဲ့တဲ့ ဆက်ဆံရေးကို အဆုံးသတ်ပစ်လိုက်တဲ့ ခရီးစဉ် ဖြစ်တဲ့အတွက် သမ္မတအိုဘားမား ပြောသလိုပဲ သမိုင်းဝင်ခရီးစဉ် ဖြစ်တာကတော့ အသေအချာပါပဲ။ ဒါပေမယ့် ဒီခရီးစဉ် ဖြစ်လာရအောင်တော့ သမ္မတအိုဘာမားနဲ့ ကျူးဘားသမ္မတ ရောလ်ကတ်စ်ထရိုတို့အကြား လျှို့ဝှက်ဆက်သွယ် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့အပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှာမှ နှစ်နိုင်ငံအကြား သံတမန်ဆက်သွယ်ရေး ပြန်လည်ထူထောင်တော့မယ်လို့ ကြေညာနိုင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ပနားမားမှာ ကျင်းပခဲ့တဲ့ ဒေသဆိုင်ရာ အစည်းအဝေးတခုမှာ သမ္မတ အိုဘားမားနဲ့ ကျူးဘားသမ္မတ ရောလ်ကတ်စ်ထရိုတို့ အမှတ်အသားပြုစရာ သမားရိုးကျ တွေ့ဆုံမှုတွေ တသီတတန်းကြီး ပြုလုပ်ခဲ့ကြအပြီး ဟာဗားနားနဲ့ ၀ါရှင်တန်မှာ နှစ်နိုင်ငံသံရုံးတွေ ပြန်ဖွင့်လှစ်ပြီးတော့ အမေရိကန်သမ္မတ အိုဘာမားရဲ့ ကျူးဘားသမိုင်းဝင်ခရီးစဉ် ဖြစ်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားကလည်း သူ့ခရီးစဉ်ကို တခမ်းတနားလည်းဖြစ် ဆက်ဆံရေး အလွန်အေးခဲ့တဲ့ နိုင်ငံတခုကို လေးလံတဲ့ နိုင်ငံရေးတာဝန်ကြီးတခုကို တနင့်တပိုး ထမ်းဆောင်ဖို့ သွားသလိုမျိုးလည်း မဖြစ်ရအောင် သူ့ဇနီးနဲ့ သမီး ၂ ယောက်ကိုပါ မိသားစု အလည်အပတ်ခရီး ထွက်သလို ခေါ်ဆောင်သွားခဲ့ပါသေးတယ်။ သံခင်းတမန်ခင်းရဲ့ တွဲဖက်အင်္ဂါရပ်တွေလို့ ပြောရမယ်ထင်ပါတယ်။

သမ္မတ အိုဘားမားနဲ့ အဖွဲ့ဟာ ကျူးဘားနိုင်ငံ ဟာဗားနားမြို့တော်ကို တနင်္ဂနွေနေ့ ညနေမှာ ရောက်ရှိသွားခဲ့ပြီး ကျူးဘားသမ္မတနဲ့ တနင်္လာနေ့ (၂၁.၃.၂၀၁၆) မှာ တွေ့ဆုံခဲ့ပါတယ်။ အိုဘားမားဟာ ခရီးရောက်မဆိုက် ကျူးဘားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကို သွားရောက် စကားပြောဆိုခဲ့ရာမှာ “ကျူးဘားမှာ အမေရိကန်သမ္မတ တယောက် ခြေချသွားခဲ့တာ နှစ်ပေါင်း ၉၀ နီးပါး ရှိခဲ့ပါပြီ။ ခု အဲဖို့စ်ဝမ်းလေယာဉ် ဒီ ကျူးဘားနိုင်ငံမှာ ပထမဆုံးအကြိမ် ပြန်ဆင်းသက်နိုင်ခဲ့တာဟာ အံ့သြ ၀မ်းသာစရာတခုပါပဲ။ ဒါဟာ သမိုင်းဝင် အလည်အပတ်ခရီးတခု ဖြစ်သလို ကျူးဘားပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့နိုင်တဲ့ သဘောတူညီမှုသစ်တွေ၊ ကုန်သွယ်စီးပွား အပေးအယူတွေနဲ့ ၂ နိုင်ငံပြည်သူတွေအကြား ဆက်သွယ်မှုအသစ်တွေ တည်ဆောက်နိုင်ဖို့လည်း သမိုင်းဝင်အခွင့်အလမ်းတခု ဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

သမ္မတ အိုဘာမားဟာ သူ့ရဲ့ခရီးစဉ်မှာ နိုင်ငံရေးပါတီ ၂ ခုလုံးက ကွန်ဂရက် အဖွဲ့ဝင်တွေနဲ့ လောလောဆယ် အမေရိကန် ကုန်သည်ကြီးများအသင်းရဲ့ အမေရိကန်-ကျူးဘား စီးပွားရေးကောင်စီ ဥက္ကဋ္ဌ ဖြစ်သလို ကျူးဘား-အမေရိကန် ကပြားဖြစ်တဲ့ ကားလို့စ်ဂူတီးရက်ဇ် အပါအ၀င် စီးပွားရေးခေါင်းဆောင်တွေကိုလည်း ခေါ်ဆောင်သွားခဲ့ပါတယ်။

သမ္မတ အိုဘားမားက ကျူးဘားပြည်သူတွေကို ဂရန်တီထရိုဒါလာ ဟာဘာနာမှာ မိန့်ခွန်းစကားပြောတဲ့အချိန် ကျူးဘားသမ္မတ ရောလ်ကတ်စ်ထရို ထိုင်နေတဲ့ နေရာကို မျက်လုံးလှန်မကြည့်ခင်မှာ “ကျနော် ဒီကိုလာတာဟာ ကျူးဘားပြည်သူတွေကို ကူညီပေးမယ့် မိတ်ဆွေအဖြစ် လာတာပါ။ ခင်ဗျားတို့ကို ကျနော်သိစေချင်တာက ကျနော့်ရဲ့ ဒီခရီးစဉ်ဟာ ကျနော်ယုံကြည်ပါတယ်၊ ခင်ဗျားတို့တွေအနေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ခြိမ်းခြောက်မှုကို ကြောက်နေစရာ မလိုတော့ဘူးဆိုတာ ပြသလိုက်တာပဲ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ကျူးဘားပြည်သူလူထုအတွက်ကတော့ မကြာခင်ကာလကအထိ သူတို့နိုင်ငံကို ဘေးဆိုးတွေဖြစ်အောင် လုပ်နေတဲ့ နိုင်ငံတနိုင်ငံက သမ္မတတယောက်ကို ပထဆုံး တီဗွီကနေ တိုက်ရိုက်ထုတ်လွှင့်တာကို ပထမဆုံး ကြည့်ရှုခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ခရီးစဉ်အပြီးမှာ အဲဖို့စ်ဝမ်း လေယာဉ်ကြီး အာဂျင်တီးနားနိုင်ငံကို ထွက်ခွာသွားပြီးတဲ့ အချိန်မှာ ကျူးဘားနိုင်ငံသားတွေဟာ သူတို့ရဲ့ နိစ္စဓူဝ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ဖို့ သူတို့ရဲ့ အိမ်တွေရှိရာကို ပြန်ခဲ့ရာမှာတော့ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်ကတည်းက နိုင်ငံစီးပွားရေးကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားခဲ့တဲ့ အစိုးရရဲ့ ထိန်းချုပ်မှုတွေဟာ သူတို့ဘ၀တွေ ပြောင်းလဲလာနိုင်တဲ့ အပြောင်းအလဲတွေအဖြစ် မကြာခင် တွေ့မြင်လာရတော့မယ်လို့ မျှော်လင့်ရင်း ပြန်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတ အိုဘားမားကလည်း ကျူးဘားနိုင်ငံအပေါ် ကာလရှည်ကြာ ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ဖယ်ရှားပစ်ဖို့ အလေးအနက် တိုက်တွန်းခဲ့ပေမယ့် သူက နားထောင်နေတဲ့ ပရိသတ်ကြီးကို အစိုးရရဲ့ ဆန်းစစ်အပြစ်ရှာနေတာမျိုးတွေ အပါအ၀င် စဉ်းစားတွေးမြင်မှုတွေ လွတ်လွတ်လပ်လပ် ကူးလူးသွားလာနေတာမျိုး မရှိဘဲ လွတ်လပ်တဲ့ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်နဲ့ သတင်းအချက်အလက်တွေ လွတ်လွတ်လပ်လပ် ရယူနိုင်တာမျိုး မရှိဘဲနဲ့တော့ အဲဒါဟာ လုံလောက်မှု မရှိသေးပါဘူးလို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်အစိုးရက သူ့ရဲ့ ကျူးဘားနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ထားတာတွေကို ရုပ်သိမ်းပေးလိုက်ရုံနဲ့ ကျူးဘားနိုင်ငံ ပြည်သူတွေ ဖွံ့ဖြိုးတိုးတက်မလာနိုင်သေးဘူး။ လွတ်လပ်စွာ တွေးခေါ်စဉ်းစားပြောဆိုခွင့်၊ အသင်းအဖွဲ့ လွတ်လပ်စွာဖွဲ့စည်းခွင့် စတာတွေ မရှိသေး၊ မရသေးဘဲနဲ့တော့ မဖြစ်နိုင်လောက်သေးဘူးလို့ ပြောလိုက်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အေးတိုက်ပွဲကာလမှာ အရေးပါတဲ့သူတွေ ဖြစ်ခဲ့ကြတဲ့ ကျူးဘားနိုင်ငံခေါင်းဆောင် ကတ်စ်ထရို ညီအစ်ကို နှစ်ယောက်အတွက်ကတော့ စိတ်ကူးတွေးမြင်မှု အသစ်တွေနဲ့ ဝေဖန်ရေးတွေကို ဖွင့်လှစ်ပေးလိုက်တာရဲ့ အန္တရာယ်ကိုလည်း ရှေ့ဆက်ခြေလှမ်းမချခင် ထည့်တွက်စဉ်းစားရမှာ ဖြစ်ပါတယ်။

ကျူးဘားသမ္မတ ရောလ်ကတ်စ်ထရိုနဲ့ အိုဘားမားတို့နှစ်ယောက် စကားပြောနေကြတဲ့ အချိန်မှာပဲ အစိုးရဆန့်ကျင်ရေးအုပ်စုထဲက အဖြူရောင်ဝတ်ထားတဲ့ အမျိုးသမီးတွေကို ကျူးဘားပြည်သူတွေ ကြောက်လန့်နေကြရတဲ့ ပြည်ထဲရေးဌာနရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ပုလိပ်တပ်ဖွဲ့ကားတွေထဲကို အတင်းဆွဲသွင်းနေတာကို နိုင်ငံတကာ သတင်းသမားတွေက မြင်တွေ့ခဲ့ကြရပါတယ်။ အဲဒါဟာ ကျူးဘားပြည်သူတွေအတွက် ရှင်းလင်းတဲ့ အချက်ပေးမှုတခုပဲ ဖြစ်ပါတယ်။ ကျူးဘားနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုတာ ဆွေးနွေး ပြောဆိုလို့ ရတဲ့ဟာ မဟုတ်ဘူးလို့ နားလည်ထားခဲ့ကြပြီး ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုက ကုမ္ပဏီတွေကလည်း ဒီအချက်ကို သိထားကြပြီး ကျူးဘားနိုင်ငံက အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး မကြာခင်က စိတ်ကူးယဉ်ခဲ့တာ မှန်ပေမယ့် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး အသိုက်အ၀န်းကတော့ ကျူးဘားနိုင်ငံကို ချဉ်းကပ်ဆောင်ရွက်ရာမှာ သတိကြီးကြီးထားရမယ်ဆိုတာကို သိထားကြပြီး ဖြစ်ပါတယ်။ ကျူးဘားနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာဈေးကွက်မှာ အမှတ်ရယူဖို့ လိုလားလှတာ မဟုတ်သလို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကလည်း အငြင်းပွားမှုတွေကို ဖြေရှင်းရာမှာ ဘက်လိုက်မှာ မဟုတ်ဘူးဆိုတဲ့ တရားဥပဒေစနစ်ရဲ့ အာမခံချက်ကိုလည်း သဘောတွေ့လှတာ မဟုတ်ဘူးလို့ ဆိုရပါမယ်။ ပြောချင်တာကတော့ အာမခံပေးထားတဲ့ နိုင်ငံခြားငွေမာတွေကို သူတို့သဘောနဲ့ သူတို့ အချိန်မရွေး ထိန်းချုပ်လိုက်နိုင်တာမျိုးကို မယုံကြည်နိုင်တာပဲဖြစ်တယ် ဆိုတာပါပဲ။

“အခုအချိန်မှာတော့ ကျူးဘားအစိုးရရဲ့ ပြောင်းလဲပေးဖို့ ကတိပေးတာတွေ၊ မြင်သာတဲ့ စိတ်ထက်သန်မှုတွေကို မတွေ့ရသေးပါဘူး” လို့ နယူးဂျာစီ ယူနီယံစီတီ အခြေစိုက် ဘဏ္ဍာရေး အကျိုးအမြတ် အာမခံကုမ္ပဏီ ဥက္ကဋ္ဌဖြစ်တဲ့ ကျူးဘား-အမေရိကန် ကပြား ကွန်ရာဒို ဂွန်ဇာလက်က ပြောကြားခဲ့ပါတယ်။

သူက “ဗိုလ်ချုပ်ကြီးတွေက စီးပွားရေးကို ထိန်းချုပ်ထားနေသမျှတော့ ကျူးဘားနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားတဲ့အခါ အကြီးအကျယ် သတိထားကြဖို့လိုတယ်လို့ အကြံပေးချင်ပါတယ်” လို့လည်း ပြောခဲ့ပါတယ်။ နောက် နှစ်နိုင်ငံသမ္မတတွေအကြား ဆွေးနွေးခဲ့တဲ့ အရေးပါတဲ့ ကိစ္စတရပ်ကတော့ ဂွမ်တာနာမိုက အမေရိကန် အကျဉ်းစခန်းတွေနဲ့ ကျူးဘားနိုင်ငံရေး အကျဉ်းသားတွေရဲ့ ကိစ္စပဲဖြစ်ပါတယ်။

သမိုင်းတင်မယ့် သတင်းစာရှင်းလင်းပွဲမှာတော့ မစ္စတာ ကတ်စ်ထရိုက တကယ်လို့ နိုင်ငံရေး အကျဉ်းသားစာရင်း ပေးမယ်ဆိုရင် သူက ဒီနေ့ညပဲ လွှတ်ပေးလိုက်မယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်သမ္မတ အိမ်ဖြူတော်ကတော့ အရင်တုန်းက ကျူးဘားအစိုးရနဲ့ သဘောထား ဆန့်ကျင် ကွဲလွဲသူတွေရဲ့ စာရင်းကို သူတို့ပေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မစ္စတာ ကတ်စ်ထရိုက အကျဉ်းသားတွေကို သဘောထားကွဲသူတွေလို့ မမြင်ခဲ့ဘူးလို့ အမေရိကန်ပြည်ထောင်စုက တာဝန်ရှိအရာရှိတွေက ပြောခဲ့ပါတယ်။ အဲဒီသဘောထား ကွဲလွဲမှုဟာပဲ အမေရိကန်ပြည်ထောင်စုနဲ့ ကျူးဘားနိုင်ငံတွေကြားက ပဋိပက္ခရဲ့ အဓိကအကြောင်းရင်း ဖြစ်ခဲ့ပါတယ်။

ကျူးဘားသမ္မတ မစ္စတာ ကတ်စ်ထရိုကတော့ ကျူးဘားနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ ကုန်သွယ်ရေး အရေးယူပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ဖြစ်ပြီး ဂွမ်တာနာမို ပင်လယ်ကွေ့က ထိန်းသိမ်းရေးစခန်းကိုလည်း ပိတ်ပစ်ရမယ်လို့ ဆိုပါတယ်။ ဒီလိုတောင်းဆိုမှုကို အမေရိကန်သမ္မတ အိုဘားမားက “ကျူးဘားရဲ့ ကံကြမ္မာကို အမေရိကန်ပြည်ထောင်စု ဒါမှမဟုတ် တခြားနိုင်ငံတခုက အဆုံးအဖြတ်ပေးလို့ မရပါဘူး။ ကျူးဘားနိုင်ငံရဲ့ အနာဂတ်ကို တခြား ဘယ်သူမှ ဆုံးဖြတ်ရမှာမဟုတ်ဘဲ ကျူးဘားနိုင်ငံသားတွေကပဲ အဆုံးအဖြတ်ပေးရမှာပါ” လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

မစ္စတာ ကတ်စ်ထရိုကလည်း “ကျနော်တို့က လူ့အခွင့်အရေးကို ကာကွယ်ပေးပါတယ်။ ကျနော်တို့အမြင်အရ အရပ်ဘက်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု အခွင့်အရေးတွေဟာ ခွဲခြားလို့ မရပါဘူး။ အပြန်အလှန် မှီတည်နေကြတာဖြစ်သလို အားလုံးနဲ့လည်း ဆိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ကျူးဘားအတိုက်အခံရဲ့ သတင်းဖော်ညွှန်းချက် အဖွဲ့ဝင် ကလာရီဇာ ပဲရက်ဇ်ကတော့ “ကျမတို့က ဒီမှာ အလွန်အကျွံ ဖိနှိပ်မှုအောက်မှာ နေနေရတာပါ” လို့ ပြောသွားခဲ့ပါတယ်။
နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို မျှော်လင့်နေတဲ့ ကျနော်တို့နိုင်ငံရော နိုင်ငံခြားရင်းနှီးမှုတွေ ထင်သလို ၀င်လာနိုင်ပါ့မလား။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီက အနိုင်ရပေမယ့် ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနတွေကို ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ သမ္မတအထက်မှာ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကော်မတီ ရှိနေတဲ့၊ ဒုတိယသမ္မတ (၁) က နာမည်ပျက်နဲ့ ကျော်ကြားခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်နေတဲ့၊ ၀န်ကြီးဌာန ၂ ခုလောက်ကလည်း အုပ်စိုးသူ ကြံ့ဖွံ့ပါတီကသူတွေနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရကို ယုံကြည်အပ်နှံမှု ရှိပါ့မလား။

အမေရိကန်နဲ့ ကျူးဘား ဆက်ဆံရေးကတော့ နောက်လာမယ့် နှစ်ပိုင်းအတွင်း ပြောင်းလဲတိုးတက်လာမယ်လို့ မျှော်လင့်လို့ ရနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ကြက်ဥအရောင်သာ ဖြစ်တဲ့အတွက် သတိထား စောင့်ကြည့်ဖို့ လိုအပ်တဲ့ အကြောင်း။ ။
စိုးနေလင်း

RELATED ARTICLES
- Advertisment -
Google search engine

Most Popular