Home
မြန်မာသတင်း
ရခိုင်အမျိုးသားပါတီအမတ်များ လွှတ်တော်ကို သပိတ်မှောက်ထွက်ခွာ
DVB
·
March 28, 2016
ဒီကနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ် လွှတ်တော်မှာ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌက လွဲလို့ ကျန်တဲ့ ရခိုင်အမျိုးသားပါတီ(ANP) လွှတ်တော်အမတ်အားလုံး လွှတ်တော်ကို သပိတ်မှောက်ကာ လွှတ်တော်မပြီးခင် ထွက်သွားတယ်လို့ သတင်းရယူနေတဲ့ ဒီဗွီဘီသတင်းထောက်က ပေးပို့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ်  ဂွမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) က ရွေးကောက်ခံ ပြည်နယ်လွှတ်တော်အမတ် ဦးညီပုကို အဆိုပြုတင်သွင်းလိုက်တဲ့ အတွက် လွှတ်တော်ကို သပိတ်မှောက်ကာ ထွက်ခွာခဲ့တာပါ။ ရခိုင်ပြည်နယ်လွှတ်တော်မှာ နေရာအများစု အနိုင်ရထားတဲ့အတွက် အစိုးရအဖွဲ့ကို ဦး ဆောင်ဖွဲ့ခွင့်မရရင်  အတိုက်အခံအဖြစ်ရပ်တည်မယ်လို့ ရခိုင်အမျိုးသားပါတီက ဇန်န၀ါရီ ၁၉ ရက်မှာ ကြေညာချက် အမှတ် ၁/၂၀၁၆ ကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်မှာ ရခိုင်အမျိုးသားပါတီက ၂၂ နေရာနဲ့ အများစု ရှိနေပြီး အန်အယ်လ်ဒီက ၈ နေရာနဲ့ ရခိုင်တိုင်းရင်းသား ၁ နေရာ၊ ကြံ့ခိုင်ရေးက ၃၊ တပ်ကိုယ်စားလှယ်က ၁၂ နေရာ ရှိပါတယ်။ ရခိုင်အမျိုးသားပါတီဟာ ၁၉၉၀ အနိုင်ရ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (အေအယ်လ်ဒီ) နဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (အာအန်ဒီပီ) တို့ ပူးပေါင်းထားတဲ့ပါတီဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅  ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော် အမတ်နေရာ ၂၃ နေရာ အနိုင်ရထားတဲ့ ပါတီဖြစ်ပါတယ်။ လက်ရှိ ရခိုင်အမျိုးသားပါတီမှာ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် အပါအ၀င် ပါတီထိပ်ပိုင်းခေါင်းဆောင် စီးအီးစီ ၃၂ ဦးနဲ့ အများစုဟာ အာအန်ဒီပီပါတီဟောင်းက ဖြစ်ပြီး အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်အပါအ၀င် စီအီးစီ ၇ ဦးဟာ အေအယ်လ်ဒီ ပါတီဟောင်းက ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024