ရန်လိုသည့်အပြုအမူများ အဆုံးသတ်ရန် မြောက်ကိုရီးယားကို သမ္မတ ပတ်ဂွန်ဟေး သတိပေး

မြောက်ကိုရီးယားဘက်က ရန်လိုတဲ့ အပြုအမှုတွေကို အဆုံးသတ်ဖို့် တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟေးက သတိပေးလိုက်ပါတယ်။ တောင်ကိုရီးယား ရေတပ်သင်္ဘောတစင်း နစ်မြုပ်ခဲ့တဲ့ အဖြစ်အပျက်  နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်တဲ့ သမ္မတ ပတ်က ကျိုးကြောင်း မဆင်ခြင်ဘဲ ရန်လိုတဲ့ အပြုအမူတွေကြောင့် မြောက်ကိုရီးယား အစိုးရအတွက် ပျက်သုဉ်းခြင်းလမ်း ဖြစ်သွားလိမ့်မယ်လို့ သတိပေးလိုက်တာပါ။ ၂၀၁၀ တုန်းက ရေတပ် သင်္ဘောနစ်မြုပ်မှုမှာ လူ ၄၆ ဦး သေဆုံးခဲ့ပြီး မြောက်ကိုရီးယား လက်ချက် ဖြစ်တယ်လို့ တောင်ကိုရီးယားဘက်က စွပ်စွဲခဲ့ပါတယ်။ နှစ်ပတ်လည် အခမ်းအနား မိန့်ခွန်းမှာ သမ္မတ ပတ်က မြောက်ကိုရီးယားဘက်က ရန် မစရဲအောင် တိုက်ခိုက်ရေး စွမ်းအား၊ စိတ်ဓာတ် အင်အားတွေ အစွမ်းကုန် မြှင့်တင်ထားဖို့ သူ့တပ်တွေကို တိုက်တွန်းလိုက်ပါတယ်။ မတ် ၂၅ ရက်နေ့မှာပဲ မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာမှာ ကင်ဂျုံအန်းက စစ်ရေးလျေ့ကျင့်မှုတွေကို စစ်ဆေးတာကို ပြသပါတယ်။ တာဝေးပစ် အမြောက်တွေဟာ တောင်ကိုရီးယား သမ္မတရုံးနဲ့ တခြား အစိုးရရုံးတွေကို လှမ်းပစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီရက်သတ္တပတ်တွေအတွင်းမှာ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ကင်ဂျုံအန်းရဲ့ အခုလို စစ်ရေးလေ့ကျင့်မှုတွေကို စစ်ဆေးတဲ့ သတင်းတွေကိုပဲ ခပ်စိတ်စိတ် ပြသနေတာပါ။ မြောက်ကိုရီးယားဟာ ဇန်န၀ါရီလက နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခဲ့တာကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးမြှင့်ချမှတ်တာခံထားရပြီး အခုလို စစ်ရေး လှုပ်ရှားမှုတွေဟာလည်း ကုလသမဂ္ဂရဲ့  ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ရာ ရောက်တယ်လို့ ဝေဖန်ခံနေရပါတယ်။

More News
Up