Home
မြန်မာသတင်း
ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းအသစ်ကို ကုမ္ပဏီ ၁၃ ခု ပူးပေါင်းလုပ်ကိုင်သွားမည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
March 26, 2016
ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပြုတင်တားတဲ့ Star High Public Co.,Ltd နဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေ ပူးပေါင်းပြီး ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းအသစ်ကို လုပ်ကိုင်သွားတော့မှာပါ။ ဆက်သွယ်ရေးဝန်ဆောင်မှု လိုင်စင်ကို ပြည်တွင်း ကုမ္ပဏီ ၁၁ ခု၊ ဗီယက်နမ် နိုင်ငံက Roland Berger Consultant ကုမ္ပဏီနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပြုတင်ထားတဲ့ Star High Public Co.,Ltd တို့ ပူးပေါင်းရယူပြီး လုပ်ကိုင်သွားမှာပါ။ အခုကုမ္ပဏီ အသစ်ကို လိုင်စင်ချပေးမှာနဲ့ ပတ်သက်ပြီး မတ်လ ၂၅ ရက်က နေပြည်တော် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ပြိုင်ဆိုင်မှုတွေများလာတဲ့အတွက်၊ ဆက်သွယ်ရေးကဏ္ဍ အခုထက်ပိုပြီး ကောင်းမွန်လာနိုင်တယ်လို့လည်း ဆက်သွယ်ရေး ဒုဝန်ကြီး ဦးဝင်းသန်းက လိုင်စင်ချပေးတဲ့အခမ်းအနားမှာ ပြောပါတယ်။ “အဲ့ (၁၁) ဖွဲ့ကလည်း မြန်မာနိုင်ငံလုပ်ငန်းရှင်ကြီးတွေပဲဖြစ်တယ်။ ငွေကြေးတတ်နိုင်ပြီးတော့ လုပ်ကြမှာပါ။ သူတို့တွေ တိုးတက်အောင် ဒီ့ထက်လုပ်နိုင်ရင် ပြည်သူလူထုက ပိုပိုကောင်းတဲ့ ဆက်သွယ်ရေး ၀န်ဆောင်မှုကို ရမှာပဲလေ။ အပြိုင်လုပ်တော့မှာကိုး။ နှစ်ဖွဲ့ပြိုင်တုန်းက MPT ကို စိတ်ညစ်ချင် စိတ်ညစ်မယ်။ သုံးဖွဲ့လည်းဖြစ်ရော MPTကို မသုံးဘူး၊ တယ်လီနော်ကို သုံးမယ်၊ မဟုတ်ဘူး အော်ရီဒူးကို သုံးမယ် ဆိုတာတွေဖြစ်လာတယ်။ ဒီလိုရွေးချယ်မှုတွေ ဖြစ်လာတယ်။” မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍမှာ ပြည်ပ အော်ပရေတာတွေဖြစ်တဲ့ အော်ရီဒူး နဲ့ တယ်လီနော်၊ ပြည်တွင်း အော်ပရေတာဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် KDDI Summit Global Myanmar Co.ltd တို့က ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။  အခု ၀င်ရောက်လာမယ့် ဆက်သွယ်ရေး ကုမ္ပဏီ အသစ်ကနေ 2G/3G ၀န်ဆောင်မှုကိုသာပေးမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ဒုဝန်ကြီး ဦးဝင်းသန်းက “ဒီအဖွဲ့လေး တက်လာရင် လေးဖွဲ့ ဖြစ်သွားမယ်။ ဘာပဲပြောပြော ပြည်သူဘက်ကတော့ ကောင်းတဲ့ဘက်ပဲ ရှိပါတယ်။ သူမကောင်းရင်သူ ဈေးကွက်ထဲ သူ ဘယ်လိုမှ မယှဉ်နိုင်ဘူး။ သူ့အလိုလို ကျဆင်းမှာ။ အားထုတ်ပြီး ဟိုသုံးဖွဲ့ထက် ကျော်အောင် ကြိုးစားမယ်ဆိုရင်တော့ ကိုယ့်နိုင်ငံက အော်ပရေတာပဲ ပိုတောင်မှ အားပေးဦး မှာပေါ့၊ ဘယ်လိုလာမယ်ဆိုတာတော့ ပြောလို့မရသေးဘူး” လို့ပြောပါတယ်။ ပြည်တွင်း အများပိုင် ကုမ္ပဏီတွေအနေနဲ့ အစုရှယ်ယာဟာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်မှာ ဖြစ်ပြီး၊ ဗီယက်နမ်ကုမ္ပဏီက  ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်မှာဖြစ်ပါတယ်။  အခု ကုမ္ပဏီအသစ်ဟာ လာမယ့် မေလအတွင်းမှာ ဆင်းကတ်အသစ်တွေကို ထုတ်လုပ်သုံးစွဲနိုင်တော့မယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ အများပိုင် ကုမ္ပဏီဖွဲ့စည်းရေးနှင့် တင်ဒါရွေးချယ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်ဦးကလည်း “ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းကို အားလုံးအတွက် အကျိုးရှိရှိ ဆောင်ရွက်နိုင်ဖို့ ဈေးကွက်စနစ်နဲ့ အံဝင်အောင် နိုင်ငံခြား ကုမ္ပဏီနှစ်ခု၊ ပြည်တွင်းကုမ္ပဏီနှစ်ခု ဒီလိုစနစ်နဲ့ လုပ်မယ်ဆိုရင် ဈေးကွက်စနစ်ဟာ အောင်မြင်နဲ့ ဆောင်ရွက်နိုင်မယ့် မူချမှတ်ထားတာရှိတယ်။ ပြည်တွင်း ကုမ္ပဏီတွေကိုပဲ ပေးလိုက် မယ်ဆိုရင် ရှိနေတဲ့ နည်းပညာနဲ့ ငွေကြေးအင်အားနဲ့က ဒီကဏ္ဍတစ်ခုလုံးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ မလွယ်ဘူး” လို့လည်း သုံးသပ်ခဲ့ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ မိုဘိုင်းဖုန်း အသုံးပြုသူပေါင်းမှာ MPT အသုံးပြုသူပေါင်း ၁၈ သန်းကျော်ရှိပြီး တယ်လီနောအသုံးပြုသူပေါင်း ၁၄ သန်းကျော်နှင့် အူရီဒူးအသုံးပြုသူပေါင်း ခြောက်သန်းနီးပါး ရှိတယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024