မက္ကဆီကိုထောင်တွင်းက ရော့ခ်တီးဝိုင်း (ရုပ်သံ)

မက္ကဆီကိုနိုင်ငံ မြို့တော် မက္ကဆီကိုစီးတီးမြို့က ထောင်ထဲမှာဖွဲ့ထားတဲ့ ရော့ခ် တေးဂီတတီးဝိုင်း ဇိုနာစေရိုဟာ ဘဝတူ ထောင်သားတွေကို ဖျော်ဖြေရင်း ထောင်က လွတ်တဲ့အခါမှာ လူ့အဖွဲ့အစည်းထဲ ပြန်ဝင်နိုင်ဖို့ စွမ်းရည်တွေ တိုးတက်အောင် ကူညီပေးနေပါတယ်။ မက္ကဆီကိုစီးတီးမြို့ရဲ့ မြောက်ဘက်က ရီကလူစိုရီယို နော်တီလို့ သိကြတဲ့ အမျိုးသား သီးသန့်ထောင်မှာ ခုလို လုပ်ပေးနေတာပါ။ ဇိုနာစေရိုကို တည်ထောင်ခဲ့တာ ငါးနှစ်လောက်ရှိပြီး ထောင်သားတွေကို ဖျော်ဖြေမှုအတွက် ထောင်ထဲမှာ တဖြည်းဖြည်း ပိုပြီး လူကြိုက်များလာနေပါတယ်။ ထောင်ထဲမှာ သူတပါးကို အနှောင့်အယှက်ပေးတဲ့ လူတွေအတွက် အထူးသီးသန့် နေရာရှိတယ်၊ ထောင်ကျခံလူတွေကို လေးစားကြောင်းပြဖို့ အဲဒီနေရာရဲ့ နာမည်ကို တီးဝိုင်းနာမည်အဖြစ် ပေးခဲ့တယ်လို့ ထောင်သားနဲ့ တီးဝိုင်းအဖွဲ့ဝင် မာရီယို ဂွါရဲရိုက ပြောပါတယ်။ ထောင်ထဲမှာ ပညာရေးနဲ့ အနုပညာ လှုပ်ရှားမှုတွေနဲ့အတူ တေးဂီတအစီအစဉ်လည်း ရှိနေပါတယ်။ မက္ကဆီကို ထောင်တွေဟာ လူတွေ ကြပ်ညပ်နေမှုအတွက် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ ရီကလူစိုရီယို နော်တီ ထောင်ကို ထောင်သားအယောက် ၅၀၀၀ အတွက် တည်ဆောက်ထားပေမယ့် လက်ရှိမှာ ထောင်သား အယောက် ၁၂၀၀၀ ရှိနေပါတယ်။ ခုလို ဂီတအစီအစဉ်တွေဟာ ထောင်သားတွေ လူ့အဖွဲ့အစည်းထဲကို အောင်အောင်မြင်မြင် ပြန်လည်ဝင်ရောက်နိုင်ဖို့ ကူညီပေးနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up