Homeမြန်မာသတင်း
ပြိုင်ဘက် ကိုယ်စားလှယ်ကိုပယ်ဖျက်ပြီး သူ့ကိုအနိုင်ပေးရန် ၀န်ကြီးဦးအုန်းမြင့်တောင်းဆို
ပြိုင်ဘက် ကိုယ်စားလှယ်ကိုပယ်ဖျက်ပြီး သူ့ကိုအနိုင်ပေးရန် ၀န်ကြီးဦးအုန်းမြင့်တောင်းဆို
ပိုင်စိုး
·
March 25, 2016
ကျောက်တန်းမြို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးကို ကိုယ်စားလှယ် အဖြစ်က ပယ်ဖျက်ပေးဖို့ ၀န်ကြီး ဦးအုန်းမြင့်က မတ်လ ၂၄ ရက်နေ့ ရွေးကောက်ပွဲ ခုံရုံးမှာတောင်းဆိုလိုက်ပါတယ်။
ဝန်ကြီးဦးအုန်းမြင့်ဟာ ပြိုင်ဘက် အန်အယ်လ်ဒီပါတီက ဒေါ်အေးမြမြမျိုးကို မဲဆွယ်ကာလနဲ့ ရွေးကောက်ပွဲနေ့မှာ မတရားပြုကျင့်တယ်လို့ စွပ်စွဲထားတာပါ။
ဒီနေ့ ခုံရုံးမှာ စစ်ဆေးရာမှာတော့ ဓာတ်ပုံတချို့ကို သက်သေအဖြစ် ၀န်ကြီး ဦးအုန်းမြင့်က တင်သွင်းပါတယ်။
“အဲဒီဓာတ်ပုံတွေက ကျမ ဖေ့စ်ဘုတ်က ဓာတ်ပုံတွေပါ” လို့ ဒေါ်အေးမြမြမျိုးက ပြောပါတယ်။ ဒေါ်အေးမြမြမျိုးရဲ့ ရှေ့နေကလည်း ကန့်ကွက်တဲ့အတွက် တရားခွင်ကို ခဏနားပြီး ပြန်စတဲ့အခါ အဲဒီဓာတ်ပုံတွေကို သက်သေအဖြစ် လက်ခံပြီး ဦးအုန်းမြင့်ရဲ့ အဖွဲ့က ရိုက်ကူးလာကြောင်း သက်သေပြဖို့အတွက် ခုံရုံးက ဆုံးဖြတ်ပါတယ်။
ပြည်ခိုင်ဖြိုးပါတီကနေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ၀န်ကြီးဦးအုန်းမြင့်က “ဒေါ်အေးမြမြမျိုးဟာ မဲဆွယ်ကာလမှာ အနှောင့်အယှက်ပေးခဲ့တဲ့အပြင် ရွေးကောက်ပွဲနေ့မှာလည်း မတရားပြုကျင့်ပြီး အနိုင်ရခဲ့တာဖြစ်လို့ ကိုယ်စားလှယ်အဖြစ်က ပယ်ဖျက်ပြီး ဒုတိယ မဲအများဆုံးဖြစ်တဲ့ ကျနော့်ကို ကိုယ်စားလှယ်အဖြစ်သတ်မှတ်ပေးဖို့ တောင်းဆိုပါတယ်” လို့ ခုံရုံးကို တင်ပြပါတယ်။
ဒါနဲ့ ပတ်သက်ပြီး ဒေါ်အေးမြမြမျိုးက “ ကျမကတော့ မဲဆွယ်ကာလမှာ သူ့ကို အနှောင့် အယှက်ပေးခဲ့တာ မရှိပါဘူး။ သူတို့ မဲဆွယ်လာတာနဲ့ ကျမမဲဆွယ်တာ တရက်တည်း ဖြစ်တာ ရှိ၊ မရှိကိုတောင် မသိပါဘူး။ တစ်ခေါက်ကတော့ ကြုံလို့ လက်ပြနှုတ်ဆက်ကြတဲ့ အကြောင်းကိုတောင် ကျမ ဖေ့စ်ဘုတ်မှာ တင်ခဲ့ဖူးပါသေးတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိရွေးကောက်ပွဲခုံရုံးရဲ့ သက်တမ်းကုန်တော့မှာ ဖြစ်တဲ့အတွက် ဒီအမှုစစ်ဆေးတာကို ဒီလောက်နဲ့ ရပ်နားပြီး လာမယ့် ခုံရုံးအသစ်ကို လွှဲပြောင်းပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။