ဓမ္မအဆိပ်ဖြေနည်းဖြင့် ကုသခံရသူ အမျိုးသမီးသေဆုံး၊ သက်ဆိုင်ရာက စစ်ဆေးနေ

ဓာတ်ပုံ - ဘန်ကောက်ပို့စ်
1.4K
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ နာခွန်ရက်ချာစီမာအရပ်မှ အမျိုးသမီးတဦးဟာ နိုင်ငံတွင်း လူသိများတဲ့ ဓမ္မနည်းနဲ့ ပြန်လည်သန်စွမ်းရေး စင်တာတခုမှာ ကုသပြီး သေဆုံးသွားခဲ့တယ်လို့ သိရှိရအပြီးမှာ ရဲတွေက အဲဒီစင်တာကို မတ်လ ၂၃ ရက်နေ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ဆောင်မှု ထောက်ပံ့ကူညီရေးဌာန ညွှန်ကြားရေးမှူးချုပ် ဘွန်ယွမ်ထရိုင်ယန်ဝိုရာဝပ်က လက်ရှိအချိန်မှာ ဓမ္မအဆိပ်ဖြေနည်းနဲ့ ကုသမှုတွေလုပ်တဲ့ အဆိုပါစင်တာကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ နာတာရှည်ရောဂါ ပြန်လည်ကုသရေး ဗဟိုအဖွဲ့ကို စေလွှတ်ထားတယ်လို့ ပြောပါတယ်။
ခုလိုအမျိုးအစားနဲ့ ကုသရေးစင်တာတွေ ပေါ်ပေါက်လာတာဟာ ပြည်သူ့ကျန်းမာရေး ၀န်ကြီးဌာနရဲ့ အလှအပနဲ့ ကျန်းမာရေးဆိုင်ရာ ကဏ္ဍအောက်က ပြည်သူ့ကျန်းမာရေး ၀န်ဆောင်မှု အမျိုးအစား သတ်မှတ်ချက် ထုတ်ပြန်မှုနောက်မှာ ပေါ်လာခဲ့ကာ အလှပြုပြင်ခန်းနဲ့ ကျန်းမာရေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းတွေအနေနဲ့ ဖွံ့ဖြိုးလာခဲ့တာလို့ ဒေါက်တာဘွန်ယွမ်က ဆိုပါတယ်။
လက်ရှိမှာတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေဆဲဖြစ်လို့ အသေးစိတ် မသိရသေးပေမယ့် ကျန်းမာရေးဝန်ကြီးဌာနဆီမှာ ခုလို ၀န်ဆောင်မှုပေးဖို့ လိုင်စင်ရလုပ်ငန်းအဖြစ် မှတ်ပုံတင်ထားတာမျိုး မရှိရင်တော့ တရားမ၀င်လုပ်ငန်းအဖြစ် သတ်မှတ်ရမယ်လို့ သူက ပြောပါတယ်။
ခုလိုစစ်ဆေးဖို့ ပေါ်ပေါက်လာတာဟာ သေဆုံးသူအမျိုးသမီးနဲ့ ပတ်သက်တဲ့ ပီအန်းအမည်ရတဲ့ အမျိုးသမီးရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ထားတဲ့ ပို့စ်တခုကြောင့် ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
သေဆုံးသူအမျိုးသမီး အွိုင်ဟာ အဆိုပါစင်တာမှာ ၂ ရက်၊ ၃ ရက်လောက် သွားရောက်ကုသခဲ့ပြီးနောက်မှာ အိမ်ကို မတ်လ ၂၂ ရက်နေ့ ညနေက ပြန်ရောက်လာခဲ့တာပါ။
သူဟာ ပြန်ရောက်လာချိန်မှာ ခေါင်းကိုက်ပြီး ရင်ဘတ်က နာနေတယ်လို့ ပြောခဲ့တာကြောင့် ပီအန်းက စင်တာဆီ အကြံတောင်းခဲ့ချိန်မှာ စင်တာက ဒါဟာ ခန္ဓာကိုယ်ထဲက ဇီဝဆိပ်ထုတ်ချိန်မှာ တွေ့ရတဲ့ ပုံမှန်လက္ခဏာတွေဖြစ်ကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။
စင်တာရဲ့ ညွှန်ကြားမှုနဲ့ ပီအန်းဟာ အွိုင်ကို ရေပူရေအေး ၂ မျိုးနဲ့ ဦးခေါင်းကို နှိပ်နယ်ရေဆေးခဲ့အပြီးမှာ အိပ်ရာဝင်ခဲ့ပြီး မနက်အိပ်ရာနိုးချိန်မှာ အွိုင်ဟာ ဆာလောင်နေခဲ့တယ်လို့ ပြောပါတယ်။
ဒါပေမယ့် အဆိပ်ထုတ်ကုသနည်းအရ အုန်းစိမ်းရည်မှတပါး တခြားအရာတွေ ဘာမှမစားရဘူးလို့ ညွှန်ကြားထားလို့ အုန်းစိမ်းရည်ကိုသာ သောက်ခဲ့ပါတယ်။
ဆိုဖာပေါ်လဲလျောင်းပြီး မကြာခင်မှာပဲ အွိုင်ဟာ ရုတ်တရက် လေသင်တုန်းဖြတ်သလို ဖြစ်ပြီး ဆေးရုံလူနာတင်ယာဉ် ရောက်မလာခင်ပဲ သေဆုံးသွားခဲ့တာလို့ ပို့စ်မှာ ရေးခဲ့တာပါ။
ထိုင်းနိုင်ငံ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဆူရီရာဝေါင်ကုန်ကာသက်က အဆိပ်ထုတ် ကုသနည်း အဆင့်ဆင့်မှာ သေစေနိုင်တဲ့အထိ ဘေးထွက်တုံ့ပြန်မှုတွေ ရှိတတ်တယ်လို့ ပြောပါတယ်။
လူတွေမှာ (သဘာဝအလျောက်) ခန္ဓာကိုယ်ထဲမှ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းသတ္တိတွေရှိပြီး ခုလို အဆိပ်ထုတ် ကုသခြင်းကတော့ ပမာဏများများ ဖယ်ထုတ်ပစ်တာမို့ အန္တရာယ်များတယ်လို့ သူက ပြောပါတယ်။