Sunday, May 28, 2023
HomeLead Storyမြန်မာနှင့်စင်ကာပူ ယနေ့ညနေ ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားမည်

မြန်မာနှင့်စင်ကာပူ ယနေ့ညနေ ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားမည်

မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းနဲ့ စင်ကာပူလက်ရွေးစင်အသင်းတို့ရဲ့  ချစ်ကြည်ရေး ခြေစမ်းပွဲကို  မတ်လ ၂၄ ရက်နေ့ မြန်မာစံတော်ချိန်  ညနေ ၆ နာရီ ၁၅ မိနစ် စင်ကာပူနိုင်ငံ ဂျလန်ဘီဆာ အားကစားကွင်းမှာ ကျင်းပဖို့ရှိပါတယ်။

မြန်မာအသင်းနည်းပြချုပ် ဂတ် ဖရိုင်းဒရစ် ဆီဇီကတော့ မြန်မာအသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် မျှော်လင့်ချက် မရှိတော့ပေမယ့် လာမယ့် ဆူဇူကီးဖလားပြိုင်ပွဲအတွက်  ပစ်မှတ်ထား ပြင်ဆင်နေတာလို့   မနေ့က  ပွဲကြို သတင်းစာရှင်းပွဲမှာပြောတဲ့ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။

“ခြေစမ်းပွဲမှာ အကောင်းဆုံး ခြေစွမ်းရအောင် ပြင်ဆင်သွားမှာပါ။ ဒီပွဲဟာ လာမယ့် လက်ဘနွန်နဲ့ပွဲအတွက်လည်း ကြိုတင်ပြင်ဆင်ခြင်း ဖြစ်တာကြောင့် ပုံစံကောင်းရဖို့ ကြိုးစားသွားပါမယ်။ လက်ဘနွန်ဟာ လက်ရှိ အခြေအနေအရ အခက်အခဲတွေ ရှိနေတယ်ဆိုပေမယ့် သူတို့ ရာနှုန်းပြည့် လုံခြုံမှုရှိအောင် ဖြည့်ဆည်းပေးထားမယ်လို့ ပြောထားပါတယ်။ မြန်မာအသင်းအနေနဲ့ ဒီနှစ်အတွက် အဓိက ပစ်မှတ်က အိမ်ရှင်အဖြစ် ကျင်းပမယ့် ဆူဇီကီးဖလား အောင်ပွဲရရေးပါပဲ။ ဒီအတွက် ပြည်ပကို ခြေစမ်းပွဲတွေ သွားကစားဖို့ ရှိသလို ပြည်တွင်းမှာလည်း နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲတခု ပြုလုပ်ပြီး အကောင်းဆုံး ပြင်ဆင်သွားဖို့ ရှိပါတယ်။”

မြန်မာ့လက်ရွေးစင်အသင်းမှာ ယူ၂၀-ယူ၂၃ နဲ့ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲက အကောင်းဆုံး ကစားသမားတွေ စုဖွဲ့ထားတဲ့ အသင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

စင်ကာပူအသင်းနည်းပြချုပ် ဘန်းစတိန်းကတော့ မြန်မာအသင်းဟာ ငယ်ရွယ်နုပျိုတဲ့ အသင်းဖြစ်ပြီး အကျိုးရှိမယ့် ခြေစမ်းပွဲဖြစ်မယ်လို့ သတင်းစာရှင်းလင်းပွဲမှာ  ပြောပါတယ်။

“ကျနော်တို့ ပြိုင်ဘက်က တောင့်တင်းတဲ့ အသင်းကောင်းတသင်း ဖြစ်သလို ကျနော်တို့ အချင်းချင်းမှာလည်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိထားပြီးသားပါ။ ဒေသတွင်း အိမ်နီးချင်း ပြိုင်ဘက်လည်း ဖြစ်သလို ကမ္ဘာ့အဆင့် ရပ်တည်မှုမှာလည်း ၁၄၈ နဲ့ ၁၅၄ ဆိုတော့ နီးနီးကပ်ကပ်ရှိနေတဲ့ အသင်းတွေပါ။ ကွာခြားချက်ရှိတာကတော့ မြန်မာအသင်းဟာ ငယ်ရွယ်နုပျိုတဲ့ အသင်းဖြစ်သလို ပြီးခဲ့တဲ့ ၂၀၁၅ ယူ၂၀ ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့တဲ့ ကစားသမားတွေ ပါဝင်နေပါတယ်။ ကျနော်တို့ စင်ကာပူ အသင်းရဲ့ ပျဉ်းမျှ အသက်က ၂၅-၂၆ ၀န်းကျင်ဖြစ်ပြီး လာမယ့် ၂၀၁၉ အာရှဖလားအတွက် ပစ်မှတ်ထား ဖွဲ့စည်းနေတဲ့ အသင်းပါ။ မနက်ဖြန် ပွဲကတော့ ကျနော်တို့အသင်း ရှေ့ခရီးအတွက် အရမ်းကို အကျိုးရှိမယ့် ခြေစမ်းပွဲတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။”

မြန်မာအသင်းဟာ စင်ကာပူနဲ့ ခြေစမ်းပွဲအပြီးမှာ လက်ဘနွန်နိုင်ငံကို ဆက်လက် သွားရောက်မှာဖြစ်ပြီး မတ်လ ၂၉ ရက်နေ့မှာ လက်ဘနွန်အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular