တန်ဂိုအကစွမ်းရည် ပြသခဲ့သည့် သမ္မတ အိုဘားမား (ရုပ်သံ)

အမေရိကန်သမ္မတ အိုဘားမားဟာ အာဂျင်တီးနားနိုင်ငံ အလည်အပတ်ခရီးစဉ်အတွင်း ညစာစားပွဲ ပါတီတခုမှာ တန်ဂိုအကစွမ်းရည် ပြသခဲ့ပါတယ်။ မတ်လ ၂၃ ရက်နေ့ ညနေပိုင်းမှာ ဗျူနို့အေးရီးစ်မြို့တော်၊ လက်တင်အမေရိကန် ယဉ်ကျေးမှုစင်တာမှာ အာဂျင်တီးနားသမ္မတ မော်ရီစီယိုမက်ကရီက တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲပါတီမှာ ကပြခဲ့တာပါ။ တန်ဂိုအကဟာ အာဂျင်တီးနားရိုးရာ အမျိုးသားအကတမျိုးဖြစ်ပြီး ဖျော်ဖြေကပြနေစဉ်မှာ အိုဘားမားကို အကမယ် မိုရာဂိုဒွိုင်းက အတူကနိုင်ဖို့ ဖိတ်ခေါ်ခဲ့တာပါ။ မိုရာကိုဒွိုင်းဟာ ရွှေရောင်ဝတ်စုံနဲ့ ရှူးဖိနပ်ကို ၀တ်ဆင်ထားခဲ့ပြီး တွဲဖက်အမျိုးသားတဦးနဲ့ ကနေရာကနေ အိုဘားမားထံ ရောက်လာပြီး ဖိတ်ခေါ်ခဲ့တာပါ။ အိုဘားမားဟာ ရှက်ကိုးရှက်ကန်း မျက်နှာထားနဲ့အတူ ကပွဲကြမ်းပြင်ဆီ ရောက်လာခဲ့ပြီးမှ အတူလှည့်လည် ကပြခဲ့ပါတယ်။ သမ္မတကတော် မီရှဲလ်အိုဘားမားကတော့ ကပွဲဘေးကနေ တခြားအမျိုးသား တန်ဂိုကချေသည်တဦးနဲ့အတူ ရပ်ကြည့်နေခဲ့တာကို တွေ့ရပါတယ်။ ခုလို လာရောက်လည်ပတ်မှုဟာ အာဂျင်တီးနား-အမေရိကန် ဆက်ဆံရေးခရီးသစ် အစအဖြစ် မှတ်တမ်းတင်နိုင်လိမ့်မယ်လို့ အိုဘားမားက မတ်လ ၂၃ ရက်နေ့ အစောပိုင်းမှာ ပြောခဲ့ပါတယ်။

More News
Up